နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၁၇
KG+12 သင်ရိုးသစ်ရေးဆွဲမှု ပြီးမြောက်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ KG+12 သင်ရိုးသစ် ရေးဆွဲခဲ့ကြသော အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (NCC)ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီ (SWCC) ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင် (CDT)များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် အခြေခံပညာ သင်ရိုးညွှန်းတမ်းကို နယ်ပယ်တစ်ခုအဖြစ် ထည့်သွင်းခဲ့ပြီး သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုအတွက် ဖော်ဆောင်ရမည့် အချိန်ကာလများကို သတ်မှတ်ဖော်ပြပေးခဲ့ကြောင်း၊ သတ်မှတ်မှုများအရ KG သင်ရိုးညွှန်းတမ်းသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ စတင်သင်ကြား ပေးခဲ့ပြီး Grade-1 ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ Grade-2 ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စသည်ဖြင့် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-9 နှင့် Grade-12 တို့ကို ပြောင်းလဲ သင်ကြားပေးနေပြီဖြစ်ကာ KG+12 သင်ရိုးသစ် ဖြင့် အတန်းများအားလုံး သင်ကြားပေးနေပြီဖြစ်ကြောင်း။
ထို့ကြောင့် အခြေခံပညာသင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ (NCC) က ဆရာကြီး ဆရာမကြီး ၂၀၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီ (SWCC) ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ၂၄၉ ဦး၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ဝင် (CDT) ၁၈၀ စုစုပေါင်း ၄၄၉ ဦးတို့ကို မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း။
ထို့ပြင် အဆင့်မြင့်ပညာကဏ္ဍတွင်လည်း အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများကို ရေးဆွဲဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် အဆင့်မြင့်ပညာကဏ္ဍ တိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ပါကြောင်း၊ ယခုလို ပညာရေးအတွက်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲမှုတွင် စိတ်ရောကိုယ်ပါ အားတက်သရော ပါဝင်ဆောင်ရွက်ပေးကြသည့် ဆရာကြီး၊ ဆရာမကြီးများအပါအဝင် ပုဂ္ဂိုလ်များနှင့် ဌာနဆိုင်ရာများကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက KG+12 သင်ရိုးသစ်ရေးဆွဲခဲ့ကြသော အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ (NCC)မှ ဆရာကြီး ဆရာမကြီးများ၊ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီ (SWCC) ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင် (CDT)ဆရာ ဆရာမများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဆွေက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
