အခြေခံစာတတ်မြောက်ရေး လုပ်ငန်းသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး လုပ်ငန်းစဉ်ဖြစ်

 

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၂၂

 

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသည် ပညာရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အမျိုးသားရေးလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊  အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာဦးစီးဌာနများရှိ ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအနေဖြင့် စေတနာလုပ်အားပေးဆရာ ဆရာမများအဖြစ် ပါဝင်ကြစေရေးအတွက် စည်းရုံးဆောင်ရွက် ပေးကြစေလိုပါကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြို့နယ်အလိုက် စာမတတ်သူဦးရေစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စီမံချက်အကြို စာရင်းကောက်ယူ အတည်ပြုပြီး ပညာရေးဝန်ကြီးဌာနသို့ တင်ပြပေးကြစေလိုပါကြောင်း၊ သို့မှသာ မြို့နယ်အလိုက်၊ ရပ်ကွက် ကျေးရွာအလိုက် ဖွင့်လှစ်ရမည့် စာသင်ဝိုင်းအရေအတွက်နှင့် သင်ကြားရမည့် ဆရာအရေအတွက်ကို သတ်မှတ်နိုင်မည် ဖြစ်ပါကြောင်း၊ အမျိုးသားရေးလုပ်ငန်းတာဝန်ကို အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။

 

ယခုနှစ်တွင် Grade-12  စာမေးပွဲကို စတင်ကျင်းပမည်ဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများအနေဖြင့် စာမေးပွဲစည်းကမ်းများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ဝေသည့် မေးခွန်းပုံစံစာအုပ်များကို ကျောင်းများသို့ အချိန်မီရောက်ရှိအောင် ပေးပို့ကြစေလိုပါကြောင်း၊ အောက်တိုဘာလတွင် သက်ဆိုင်ရာဘာသာရပ် ပါမောက္ခများ၏ မေးခွန်းပုံစံ ရှင်းလင်းချက်များကို ရုပ်မြင်သံကြားနှင့် သတင်းစာများမှ ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာမေးပွဲကိစ္စနှင့်ပတ်သက်၍ အမှားအယွင်းမရှိအောင် တိကျသော လမ်းညွှန်ချက်များ အစည်းအဝေးခေါ်ယူ ရှင်းလင်းရန်လိုကြောင်း မှာကြား၍ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက စာတတ်မြောက်ရေး လုပ်ငန်းအတွက် လက်ထောက်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ကွင်းဆင်း၍ စာသင်သားစာရင်း၊ လုပ်အားပေးဆရာ လိုအပ်ချက်များ၊ စာသင်ရန်နေရာတို့ကို စာရင်းပြုစုတင်ပြရန်နှင့် ဒေသခံစေတနာရှင် လုပ်အားပေးများကို ဦးစားပေးစာရင်း ကောက်ယူရန် ပြောကြားသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်က လုပ်ငန်းဆောင်ရွက်ရာတွင် အောက်ခြေအသံကို နားထောင်ရန်နှင့် အခက်အခဲ၊ ပြဿနာများ ကြုံတွေ့ရပါက သမာသမတ်ကျစွာဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ရန်တို့ကို ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။