ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာန၏ (၂၂) ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၅

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန၏ (၂၂)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက်သည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အဖွဲ့ကြီး (Southeast Asian Ministers of Education Organization - SEAMEO) ၏ အဖွဲ့ဝင်နိုင်ငံများတွင် ဆီမီယိုဒေသဆိုင်ရာဌာန ၂၆ ခုရှိသည့်အနက် မြန်မာနိုင်ငံ၌ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန (SEAMEO CHAT) ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် အဆောက်အအုံ၊ အထောက်အပံ့နှင့် လုပ်ငန်း အစီအစဉ်များ လည်ပတ်နိုင်ရေးအတွက် ဘဏ္ဍာငွေများကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ မပျောက်ပျက်စေရေးအတွက် အခြေခံပညာ သင်ရိုးသစ်များတွင် အသိပညာပေးသင်ခန်းစာများ ထည့်သွင်းသင်ကြား ပေးလျက်ရှိပါကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်စေရန် မြန်မာစာ၊ သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်များကို အလေးထား သင်ကြားပေးလျက် ရှိပါကြောင်း။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် စေပါကြောင်း၊ တိုင်းရင်းသားဒေသများနှင့် ဝေးလံခေါင်ဖျား ဒေသများပါမကျန် သက်ကြီးစာတတ်မြောက်ရေး အစီအစဉ်များနှင့် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းပြင်ပပညာရေး အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၊ မူလတန်းများတွင် လိုအပ်သော တိုင်းရင်းသားဘာသာစကားများကို သင်ကြားခြင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ဖြင့် ပိုမိုကောင်းမွန်သော လူမှုဘဝရရှိအောင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။

 

စာတမ်းဖတ်ပွဲသို့ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံး စီမံခန့်ခွဲရေးနှင့် ဆက်ဆံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Ms. Pintip Lamnirath ၊ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာနမှ ညွှန်ကြားရေးမှူးနှင့် ဆီမီယိုအဖွဲ့ဝင်နိုင်ငံများမှ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။