နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ လူငယ်သီတင်းပတ်(Youth Week)အထိမ်းအမှတ် လူငယ် စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများ၏ မြန်မာ့သိုင်း၊ Fitness Dance ၊ ကရာတေး သရုပ်ပြသမှုများကိုလည်းကောင်း၊ ကျောင်းသား ကျောင်းသူများ၏ ရေဒုံးပျံလွှတ်တင်မှုများနှင့် စျေးရောင်းပွဲတော်ဆိုင်ခန်းများကို လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ပညာပါရမီခန်းမတွင် ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၏ ဗလငါးတန်နှင့်ပတ်သက်သော လူငယ်စွမ်းရည် သရုပ်ဖော်တင်ဆက်ပြသမှုများဖြစ်သည့် “ထီလာမြေ MEDC” သီချင်းဖြင့် သီဆိုကပြမှု၊ “ထွန်တုံးမှထိပ်ဆုံးသို့” တစ်ခန်းရပ်ပြဇာတ်၊ The Singing Walrus(Acting Song) သီချင်းဖြင့်အုပ်စုလိုက် တင်ဆက်မှု၊ “မိုးဇာဗျော” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ခြင်း၊ “လိမ္မာယဉ်ကျေးလေ့ကျင့်ပေး” သရုပ်ဖော်တင်ဆက်မှု၊ “MEDC အငြိမ့်”၏ ဖျော်ဖြေတင်ဆင်မှု၊ “ရတနာပုံ” သီချင်းသရုပ်ဖော်အကဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်တင်ဆက် ဖျော်ဖြေသူများကို ဆုများချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အိမ်တွင်းလက်မှုပြခန်းတွင် ပြသထားသည့်ပစ္စည်းများကို အားပေး ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်သို့ သွားရောက်၍ အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် “မိတ္ထီလာတက္ကသိုလ် လူငယ်သီတင်းပတ် အထိမ်းအမှတ် ဗလငါးတန်ဖွံ့ဖြိုးရေးစွမ်းရည်ပြပွဲ”ကို ကြည့်ရှုအားပေးသည်။
အဆိုပါ စွမ်းရည်ပြပွဲတွင် ရူပဗေဒကျောင်းသူလေးများ၏ Physical Fitness Dance သရုပ်ပြပွဲ၊ ကာယဗလမောင်သရုပ်ပြပွဲ၊ သမိုင်းကျောင်းသူလေးများ၏ Physical Fitness Dance သရုပ်ပြပွဲ၊ လှယဉ်ကျေးမယ်သရုပ်ပြပွဲ၊ ဓာတုဗေဒကျောင်းသူလေးများ၏ Physical Fitness Dance သရုပ်ပြပွဲ၊ ကျောင်းသားများ၏ ရိုးရာခြင်းအလှခတ်သရုပ်ပြပွဲတို့ကို ကြည့်ရှုအားပေးပြီး စွမ်းရည်ပြပွဲအပြီးတွင် ပါဝင်တင်ဆက်ကြသည့် ကျောင်းသားကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို ချီးမြှင့်ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား၊ သင်ယူနေမှုများကို ကြည့်ရှုအားပေး၍ ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
