ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

နေပြည်တော် ၂၀၂၃ ဩဂုတ်  ၂၈

၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် Howard Johnson Hotel တတိယထပ်ရှိ ဧည့်ခန်းမ၌ တရုတ်- အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun ပါဝင်သည့်အဖွဲ့နှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် တရုတ်-အာဆီယံစင်တာ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့်အဖွဲ့ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့လာရောက်စဉ် ပညာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို အကောင်အထည်ဖော်ရန် ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုသည့် အစီအစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ကွေ့ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး H.E. Mr.Li Bingjun ၊ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ပညာရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ကွေ့ကျိုးပြည်နယ်ဆိုင်ရာ အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များ၊ ကွေ့ကျိုးပြည်နယ် ပြည်သူ့အစိုးရမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို အဆိုပါဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ပညာရေးပူးပေါင်း ဆောင်ရွက်နေမှုများကို မိတ်ဆက်ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေ ၆ နာရီတွင် တရုတ် - အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပမည့် Howard Johnson Hotel ရှိ Colourful Guizhou Ballroom ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။