ရန်ကုန် ၂၀၂၃ ဩဂုတ် ၂၇
၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
၂၀၂၃ ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားကို ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့တွင် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၂ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ တရုတ်နှင့်အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ ပညာသင်များ၊ သံတမန်ကိုယ်စားလှယ်များ၊ လူငယ်များနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမကြီးနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြား ပညာရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မြဲစွာမြှင့်တင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
