ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၃ ဩဂုတ် ၂၅

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ သင်ကြားသင်ယူနေမှုများ၊ ကျောင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကြသည်။

 

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို ကြိုစားသင်ယူ ကြစေလိုကြောင်း၊ ရည်မှန်းချက်ထား၍ ပညာကို အစဉ်တစိုက် ကြိုးစားသွားပါက အောင်မြင်သောဘဝကို မလွဲမသွေပိုင်ဆိုင်ရရှိမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်အောင် အထူးဂရုစိုက်ကြရန်နှင့် ကျန်းမာကြံ့ခိုင်စေရေး ကိုယ်ကာယ လေ့ကျင့်ခန်းများ စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်ရုံသာမက အကျင့်စာရိတ္တကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသူ၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသူ လူတော်လူကောင်းဖြစ်အောင် ကြိုးစားသင်ယူ ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက် ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။