ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲအခမ်းအနားတက်ရောက်

 

ရန်ကုန် ၂၀၂၃ ဩဂုတ် ၁၆

 

    စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် ပညာရေးအရာရှိများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာ‌စေရန် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပညာ‌‌ရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာနရှိ အရာထမ်းများ အနေဖြင့် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စီမံအုပ်ချုပ်မှုကျွမ်းကျင်ပြီး ထိရောက်စွာ ဆောင်ရွက်တတ်ရန်၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစွမ်းရည်များ ပိုမိုမြင့်မားတိုးတက်စေရန်၊ စွမ်းဆောင်ရည်မြင့်မား၍ ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းကောင်းများမွေးထုတ်ပေးရန်၊ ပညာရေးမူဝါဒများကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန်၊ အဆင့်အလိုက် စီမံအုပ်ချုပ်မှု လုပ်ငန်းများကိုသိရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာ ဆောင်ရွက်တတ်စေရန်၊ ဝန်ထမ်းများ၏ ပင်ကိုယ်အရည်အချင်းများ ထုတ်ဖော်ခွင့်ရရှိစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပြီး မိမိတို့၏ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မိမိမြို့နယ်အတွင်းရှိ ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုဖြင့် အခြေခံပညာကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်အိတ် ၃၀၀ နှင့် ဆီပိဿာ ၁၆၅၀ တို့ကို ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအတွက် ထောက်ပံ့ပေးအပ်ရာ သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသား နှစ်ဦးက လက်ခံရယူသည်။

သင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး ၃၀၃ ဦးတက်ရောက် ကြပြီး ဩဂုတ် ၁၆ ရက်မှ နို၀င်ဘာ ၁၅ရက်အထိ သုံးလကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စီမံအုပ်ချုပ်မှုသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြား၍ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆန်အိတ် ၀၀ နှင့် ဆီပိဿာ ၅၀ ကို အဆိုပါကျောင်း၌ ဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်းအတွက် ထောက်ပံ့ပေးအပ်သည်။

စီမံအုပ်ချုပ်မှုသင်တန်းသို့ အောက်မြန်မာပြည်မှ အထက်တန်း ကျောင်းအုပ် သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ကြသည်။

    မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန် တက္ကသိုလ် ရုက္ခဗေဒဌာနနှင့် သတ္တဗေဒဌာန စာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။