နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ St.Regis ဟိုတယ်သို့ရောက်ရှိခဲ့ပြီး အဆိုပါဟိုတယ်၌ ပြုလုပ်သည့်အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး H.EMr. Nadiem Anwar Makarim က ကြိုဆိုဧည့်ခံသော Gala Dinner သို့ တက်ရောက်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် အဆိုပါဟိုတယ်၌ အရှေ့တောင်အာရှ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံ ပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီး H.E.Mr. Nadiem Anwar Makarim က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. Mr. Ekkaphab Phanthavong က အဖွင့်မိန့်ခွန်းကို video message ဖြင့် ပြောကြားသည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများက သက်ဆိုင်ရာနိုင်ငံအလိုက် အရှေ့တောင်အာရှ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒဆိုင်ရာများကို ဆွေးနွေးပြောကြားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ပညာရေးသည် ကလေးငယ်များ၏ သိမြင်ခံစားမှု၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသဖြင့် အနာဂတ်ပညာသင်ယူတတ်မြောက်မှုကို များစွာအထောက်အကူပြုနိုင်ကြောင်း၊ သို့ဖြစ်၍ အာဆီယံဒေသတွင်း ကွန်ရက်တစ်ခုတည်ထောင်ကာ အတွေ့အကြုံများ၊ အကြံဉာဏ်များ ဖလှယ်ရန်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းကာ ငါးနှစ်မဟာဗျူဟာ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ရိုးညွှန်းတမ်းစိစစ်ရေး၊ ဆရာအရည်အသွေးမြင့်မားရေး၊ လက်ဦးဆရာမိဘများ၏ အခန်းကဏ္ဍ မြှင့်တင်ရေး၊ လူမှုအသိုက်အဝန်း ပူးပေါင်းပါဝင်ရေးတို့ကို ဦးတည်ပံ့ပိုးလျက်ရှိပါကြောင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံအချင်းအချင်း အတွေ့အကြုံများ၊ အကြံဉာဏ်များဖလှယ်လျက် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက အရည်အသွေးရှိသော ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့်ပညာရေးကို အနာဂတ်တွင် ကလေးတိုင်း လက်ခံရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်အတည်ပြုခဲ့ကြသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲကို အရည်အသွေးရှိသော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ပညာရေး၏အရေးပါမှုကို ပိုမိုသိရှိသတိပြုမိစေရန်၊ ဒေသတွင်းပြုပြင်ပြောင်းလဲရေး မူဝါဒများဆွေးနွေးရန်၊ ဒေသတွင်းအလေ့အကျင့်ကောင်းများ ဖလှယ်ရေးအတွက် ကွန်ရက်တစ်ခုတည်ထောင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့်ကျင်းပကာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် National Museum သို့ သွားရောက် လေ့လာခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့် နည်းပညာဝန်ကြီးဌာနက ဦးဆောင်ကျင်းပသော ၂၀၂၃ ခုနှစ် အာဆီယံအဆင့်မြင့် ပညာရေးညီလာခံ Webinar တွင် နည်းပညာအခြေပြု ပင်လယ်ရေကြောင်းကုန်သွယ်မှုကဏ္ဍ ၅ ဒသမ သုည တွင် ပင်လယ်ရေကြောင်းလုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌ အစိုးရ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် အွန်လိုင်းမှ မိန့်ခွန်းပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကုန်သွယ်ရေး၏ ၉၀ ရာခိုင်နှုန်းခန့်ကို ပင်လယ်ရေကြောင်းမှ သယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိကြောင်း၊ ပင်လယ်ရေကြောင်းလုပ်ငန်းနှင့် ပညာရေးချိတ်ဆက်မှု၌ အစိုးရ၏အခန်းကဏ္ဍမှာအရေးပါကြောင်း၊ အစိုးရအနေဖြင့် ပညာသင်ကျောင်းများနှင့်လုပ်ငန်းအကြား ကွာဟမှုကိုဆက်စပ်ပေးနိုင်ခြင်း၊ ရန်ပုံငွေပံ့ပိုးပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့်လုပ်ငန်းအကြား မိတ်ဖက်ဆက်ဆံရေးကို အားပေးနိုင်ခြင်း၊ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ချမှတ်ပေးနိုင်ခြင်း၊ ပညာသင်ကျောင်းများနှင့် လုပ်ငန်းများချိတ်ဆက်၍ သင်ရိုးညွှန်းတမ်းများ ရေးဆွဲစေနိုင်ခြင်းနှင့် နည်းပညာ၊ သက်မွေးပညာရေးကို တိုးတက်အောင် ပံ့ပိုးပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အသေးစိတ် ရှင်းလင်းခဲ့သည်။
အဆိုပါ Webinar သို့ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
