နေပြည်တော် ၂၀၂၃ ဇူလိုင် ၃
ဒဂုံတက္ကသိုလ် ရုက္ခဗေဒဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Jeonbuk National University တို့ ပူးပေါင်းကျင်းပသည့် စတုတ္ထအကြိမ်မြောက် Myanmar-Korea Conference on Plant Tissue Culture and Genetics သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉နာရီက ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် အပင်တစ်သျှူးနှင့် မျိုးရိုးဗီဇပညာရပ်ကို ကျွမ်းကျင်စွာ သိရှိနားလည်ပါက ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံတစ်ဝန်းရှိ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်အထက်တန်း ကျောင်း ၅၁ ကျောင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ချိတ်ဆက်နေသည့် ကမ္ဘာကြီးတွင် အထူးသဖြင့် သုတေသနနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကွဲပြားသောအမြင်များ၊ နည်းစနစ်များကို ဖလှယ်နိုင်ကာ ပိုမိုပြည့်စုံပြီး ခိုင်မာသောရလဒ်ကောင်းများ ရရှိနိုင်ပါကြောင်း၊ ယနေ့စာတမ်းဖတ်ပွဲ၌ ဓာတုဗေဒ၊ ရုက္ခဗေဒနှင့် သတ္တဗေဒပညာရပ် နယ်ပယ်အသီးသီးမှ သုတေသနစာတမ်း ၉၈ စောင် တင်သွင်းဆွေးနွေးကြမည်ဟု သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
စာတမ်းဖတ်ပွဲသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ကိုရီးယား သမ္မတနိုင်ငံ Jeonbuk National University မှ ဒုတိယဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စာတမ်းရှင်များ၊ သုတေသနပညာရှင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
