တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ ဇူလိုင် ၃

 

တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှ ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန် ၃၀ ရက်အထိ စာရင်းများအရ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၉ သိန်းကျော် ကျောင်းအပ်နှံ၍ ပညာသင်ကြားနေကြပြီဖြစ်ပါကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင်ရှိနေရန် မဖြစ်မနေလိုအပ်ပါကြောင်း၊  သို့ဖြစ်၍ ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကျောင်းမအပ်နှံရသေးသူများအတွက် ဇူလိုင် ၁၄ ရက်အထိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံရက်တိုးမြှင့်၍ ကျောင်းအပ်လက်ခံပေးမည် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာရေးလမ်းကြောင်းပေါ်တွင် ရှိနေခြင်းသည် နိုင်ငံအတွက် ကောင်းမွန်သည့်အချက်ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်တွင် KG+Grade 9 အထိ ပညာသင်ကြားနေသူ ကျောင်းသား ကျောင်းသူပေါင်း ၇၂ သိန်းကျော် ရှိပါကြောင်း၊ ထိုကျောင်းသား ကျောင်းသူများအားလုံး ကျောင်းထွက်သူ မရှိရေး၊ ကျောင်းနေမြဲရေးအတွက် အားလုံးက ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတိုးတက်‌ရေးအတွက် အခြေခံအချက်သည် ပညာတတ်များ ပေါများရေးပင်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ ဆရာ ဆရာမများ၊ ဝန်ထမ်းများအားလုံးတွင် တာဝန်ရှိပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မူလတာဝန်များအပြင် မြို့နယ်ပညာရေးမှူးများက မူလတန်းပညာရေးတိုးတက်စေရန်၊ ခရိုင်ပညာရေးမှူးများက အလယ်တန်းပညာရေးတိုးတက်စေရန်နှင့် တိုင်းပညာရေးမှူးများက အထက်တန်းပညာရေးတိုးတက်စေရန် ထပ်ဆောင်း၍ အလေးပေးဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လမ်းညွှန်ချက်များကို ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ စာရင်းဇယားမှန်ကန်‌ရေး အထူးဂရုစိုက်ဆောင်ရွက်ကြရန်နှင့် ဘွဲ့ယူစာတမ်းလက်စွဲစာအုပ်ပြုစုရန်တို့ကိုမှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။