၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၂၃

           

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဥ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ကျန်းမာရေးဝန်ကြီးဌာနအသင်းက ခုနစ်ဂိုး - ခြောက်ဂိုးဖြင့် အနိုင်ရရှိသည်။

         

ညနေပိုင်းတွင်လည်း ပညာရေးဝန်ကြီးဌာန(ခ)အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် သုံးဂိုးစီ သရေ ရလဒ်ဖြင့် ပြိုင်ပွဲပြီးဆုံးသည်။

 

ယနေ့ ယှဉ်ပြိုင်ကစားကြသည့်ပွဲစဉ်များသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှ အားကစားသမားများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ လာရောက်အားပေးကြည့်ရှုကြသည်။

         

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ထူးချွန်ထက်မြက်သည့် တက္ကသိုလ်ကျောင်းသားအားကစားသမားများကို ရွေးချယ်လေ့ကျင့်၍ ၂၀၂၄ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် (၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG) အပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားစေမည်ဖြစ်ကြောင်း သိရသည်။