၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၂၅

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ စတုတ္ထနေ့ အုပ်စုပွဲစဥ်များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၃)တွင် ဆက်လက်ကျင်းပရာ ပထမပွဲစဉ်အနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာန(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန(ခ)အသင်းက ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 

ညနေပိုင်းတွင် ဒုတိယပွဲစဉ်အဖြစ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 

စတုတ္ထနေ့အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြိုင်ပွဲကျင်းပ ရေးကော်မတီဝင်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ နှင့် ဝါသနာရှင်ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြသည်။

 

ဇွန်၂၆ရက် နံနက်ပိုင်းတွင် အုပ်စု(က)မှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(က)အသင်း နှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ ညနေပိုင်းတွင် အုပ်စု(ခ)မှ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။