ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၃ ဇွန် ၁၅

ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာမှူးကြီးများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများ၊ သင်တန်းသားများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာများအနေဖြင့် အင်ဂျင်နီယာအတတ်ပညာများ သင်ယူတတ်မြောက်ခဲ့ကြပြီးဖြစ်ကာ မိမိတို့တာဝန်ထမ်းဆောင်ရာ တက္ကသိုလ်၊ ကောလိပ် လက်တွေ့လုပ်ငန်းနယ်ပယ်တွင်  အင်ဂျင်နီယာ အတတ်ပညာသာမက ဘဏ္ဍာရေးနှင့်ဆက်စပ်သော လုပ်ထုံး လုပ်နည်းများကိုပါ သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ နောက်ဆုံးထုတ်ပြန်ထားသော၊ လက်တွေ့ကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်းများနှင့် သိသင့်သိထိုက်သည်များကို ယခုသင်တန်းတွင် လေ့လာသိရှိခွင့်ရကြမည်ဖြစ်ကြောင်း၊ မိမိတို့လေ့လာသိရှိသော အသိပညာများကို မိမိတို့၏ အတတ်ပညာ၊ အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး မိမိတို့ကို တာဝန်သတ်မှတ်ပေးထားရာဒေသရှိ ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ရုံးများရှိ အဆောက်အအုံများ တည်ဆောက်ရေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် တာဝန်ယူကြီးကြပ်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

  

ယနေ့ဖွင့်လှစ်သည့် ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်(၂)သို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ အင်ဂျင်နီယာ  ၁၂၀  တက်ရောက်လျက်ရှိပြီး သင်တန်းကို ဇွန် ၁၅ ရက်မှ ဇွန် ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။