ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်



နေပြည်တော် ၂၀၂၃ ဇွန် ၁၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့ နံနက်ပိုင်းက ယင်းမြို့ရှိ Old Tatar Sloboda သို့ အခြားဧည့်သည်တော်များနှင့်အတူ သွားရောက်လေ့လာကြသည်။

   

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Sergey Sergeevich Kravstov က IT Park ၌ ဂုဏ်ပြုတည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ရာ နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း နိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များက ၎င်းတို့၏ အတွေ့အကြုံများ၊ ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများနှင့် အမြင်များကို ဆွေးနွေးဖလှယ်၍ ပြောကြားကြသည်။

   

ထိုသို့ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Shaping the Future ဆိုသည့်ခေါင်းစဉ်သည် မိမိတို့၏လူ့အဖွဲ့အစည်းများနှင့် ကမ္ဘာကြီးကိုပုံဖော်ရာတွင်ပညာရေးသည် အဓိကအခန်းမှ ပါဝင်နေသည်ကို သတိပေးနေကြောင်း၊ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေးတိုင်း အနည်းဆုံး KG+9 ပြီးမြောက်စေရေး မူဝါဒချမှတ်ဆောင်ရွက်နေကြောင်း ၊   KG+9 ပြီးမြောက်သည့် ကျောင်းသားများအနေဖြင့် ခရိုင် ၅၀ တွင် ဖွင့်လှစ်ထားသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်နိုင်ကြောင်း၊ နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

 

ကမ္ဘာ့အဆင့်မီသင်ရိုးများဖြင့် သင်ကြားသည့် တက္ကသိုလ်များက အရည်အချင်းပြည့်ဝသည့် ဘွဲ့ရပညာတတ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတက္ကသိုလ်များနှင့် မိတ်ဖက်တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လိုကြောင်း၊ အနာဂတ်ပညာရေးသည် မူဝါဒချမှတ်သူများ၊ ပညာပေးဝေသူဆရာများ၊ မိဘများနှင့် ကျောင်းသားများ၏ လက်ထဲတွင် ရှိကြောင်း၊ အဆိုပါအစုအဖွဲ့များသည် လျင်မြန်စွာပြောင်းလဲနေသည့် ကမ္ဘာကြီး၏ အနာဂတ်ပညာရေးကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ကြောင်း ပြောကြားသည်။

    

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး Sergey Sergeevich Kravstov က တက်ရောက်လာသည့် နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့်ထပ်မံတွေ့ဆုံဆွေးနွေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

    

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Pashmir Restaurant ၌ တည်ခင်းဧည့်ခံသည့် နှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။