ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရှန်ဟိုင်းဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် တက်ရောက်

နေပြည်တော် ၂၀၂၃ ဇွန် ၂

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာမျိုးမင်းထွန်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဇီပြည်နယ် Yanglingတွင် မေ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပသော ရှန်ဟိုင်းဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။

 

အဆိုပါဖိုရမ်ဖွင့်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက်ပိုင်းတွင်ကျင်းပရာ တရုတ်ကွန်မြူနစ် ပါတီ ရှန်ဇီပြည်နယ်ကော်မတီအတွင်းရေးမှူး Ms. Zhao Yideက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး တက်ရောက်လာသော နိုင်ငံ့ကိုယ်စားလှယ်များက အဖွင့်အမှာစကားပြောကြားကြသည်။

 

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းနှင့် တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့မှ မြန်မာနိုင်ငံပညာရေး ဆိုင်ရာ အကူအညီပေးမှုများအတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး နည်းလမ်းများကို ဤဖိုရမ်မှ ဆွေးနွေးဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Zheng Wenkaiနှင့် သီးခြားတွေ့ဆုံကာ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

 

ဒုတိယဝန်ကြီးသည် မေ ၃၀ ရက် နံနက်ပိုင်းတွင် ကျင်းပသော Panel Discussionသို့ တက်ရောက်ပြီး ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သော နည်းလမ်းများခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Yangling Smart Agriculture Demonstration Parkသို့ သွားရောက်၍ Greenhouseဖြင့် စိုက်ပျိုးပုံနှင့် ပျိုးပင်ထုတ်လုပ်မှု စက်ရုံများ၊ Wangshang စံပြစိုက်ပျိုးရေးကျေးရွာရှိ စိုက်ကွင်းများနှင့် Northwest A & Fတက္ကသိုလ် အပူပိုင်းဒေသ စိုက်ရေ၊ ပျိုးရေ ချွေတာရေး သုတေသနစင်တာများသို့ လှည့်လည်ကြည့်ရှုသည်။

       

       ထို့နောက် ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Yan’an Cityသို့ သွားရောက်ကာ Luochuan အမျိုးသားပန်းသီးစက်မှုနည်းပညာနှင့် ဆန်းသစ်တီထွင်မှုစင်တာတွင် ပန်းသီးမျိုးကွဲ စိုက်ခင်းများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း၊ TOPသစ်သီးနည်းပညာကုမ္ပဏီကိုလည်းကောင်း၊ PVဆင်းရဲမှုတိုက်ဖျက်ရေး မှိုနှင့်ကန်စွန်းဥစိုက်ပျိုးရေးစီမံကိန်းသို့လည်းကောင်း သွားရောက်လေ့လာ ခဲ့ကြကြောင်း သိရသည်။