နေပြည်တော် 2023 ဇွန် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်း၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှု အခြေအနေ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ကောင်းမွန် သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ရှိကြမည်ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များ အောင်မြင်ရေး အတွက် နှစ်စကတည်းက ပညာကိုကြိုစားသင်ယူကြစေလိုကြောင်း၊ ကျန်းမာရေးကောင်းမှ ပညာကို ရယူနိုင်မည်ဖြစ်ရာ မိမိတို့၏တစ်ကိုယ်ရေ ကျန်းမာရေးကောင်းမွန်ရန် အထူးဂရုစိုက် ကြစေလို ကြောင်း၊ ကျောင်းသားကျောင်းသူများကို ပညာတတ်၊ လူတော်လူကောင်းများဖြစ်အောင် ဆရာ ဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲ၍ ညီညီညွတ်ညွတ်ပြုစုပျိုးထောင်သင်ကြားပေးကြရန် လိုကြောင်း၊ သင်ကြားရာတွင်လည်းမည်သည့်ခွဲခြားမှုမျိုးမှမရှိစေဘဲ စေတနာအပြည့်ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးကြစေလိုကြောင်း၊ စာတတ်အောင်သင်ကြားရုံ သာမက မျိုးချစ်စိတ်နှင့် နိုင်ငံချစ်စိတ်ရှိအောင်၊ယဉ်ကျေးလိမ္မာအောင်လည်း သင်ကြားပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုကာ စာသင်ကျောင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
