တောင်ကြီး ၂၀၂၃ မေ ၂
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်ဆရာ ဆရာမများ၊ လူရည်ချွန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နှင့် ကျောက်တလုံးကြီးမြို့ရှိ သမိုင်းဝင်ရှေးဟောင်းဘုရား၊ စေတီများအား သွားရောက်ဖူးမြော်ကြသည်။
ဦးစွာ လူရည်ချွန်မောင်မယ်များသည် တောင်ကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဘုန်းပွင့်ဘုရားသို့ ရောက်ရှိပြီးစေတီတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဖူးမြော်ကန်တော့ကြသည်။ ထို့နောက် ရွှေဘုန်းပွင့်ဘုရားအနောက်ဘက်ရှိ တောင်ကြီးမြို့ ရှုမျှော်ခင်းကြည့်စင်တွင် တောင်ကြီးလူရည်ချွန်စခန်းမှူး၊ ကြီးကြပ်ဆရာ ဆရာမများနှင့် လူရည်ချွန်မောင်မယ်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ကျောက်တလုံးကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူဘုရားသို့ ရောက်ရှိကြရာ လူရည်ချွန်မောင်မယ်များကို ဒေသခံပအိုဝ်းတိုင်းရင်းသားများက အိုးစည် ဗုံမောင်းများ တီးခတ်၍ နွေးထွေးလှိုက်လှဲစွာကြိုဆိုကြသည်။ ဆက်လက်၍ လူရည်ချွန်အဖွဲ့များသည် မွေတော်ကက္ကူဘုရားစေတီများအား လှည့်လည် ဖူးမြော်ကြည်ညိုကြပြီး ဘုရားပရိဝုဏ်အတွင်း လေ့လာကာ ကျောက်တလုံးကြီး အခြေခံပညာ အလယ်တန်းကျောင်း၌ နေ့လယ်စာသုံးဆောင်ကြသည်။
ထို့နောက် လူရည်ချွန်အဖွဲ့များသည် တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိဘုရားကြီးသို့ ရောက်ရှိကာ ပန်း၊ ရေချမ်းများ ဆက်ကပ်၍ ဖူးမြော်ကန်တော့ကြပြီး အလှူငွေများထည့်ဝင် လှူဒါန်းကြသည်။ ထိုမှတဆင့် လူရည်ချွန်အဖွဲ့များသည် တောင်ကြီးမြို့မဈေးကို လှည့်လည်လေ့လာ၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။
ညပိုင်းတွင် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် စခန်းပိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ညစာစားပွဲအပြီးတွင် လူရည်ချွန်မောင်မယ်များသည် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းတွင် စခန်းသိမ်းပွဲအထိမ်းအမှတ် မီးပုံပွဲကို တပျော်တပါး စုပေါင်းဆင်နွှဲခဲ့ကြ ကြောင်း သိရသည်။
