တောင်ကြီး ၂၀၂၃ ဧပြီ ၃၀
တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။
ဦးစွာ ဟူပင်ဟိုတယ်ရှိ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းဟောင်းသို့ သွားရောက် ကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ယခင်လူရည်ချွန်စခန်းကျင်းပခဲ့သည့် နေရာများ၊ အဆောက်အအုံများကို လိုက်လံရှင်းလင်းပြသသည်။
ဆက်လက်၍ လူရည်ချွန်မောင်မယ်များသည် ကြီးကြပ် ဆရာ ဆရာမများ၊ ဒေသခံဆရာ ဆရာမများ လိုက်ပါလျက် အဖွဲ့လိုက် စက်လှေများဖြင့် အင်းလေးဒေသရိုးရာ စိုက်ပျိုးရေး လုပ်ငန်း တစ်ခုဖြစ်သော ကေလာရေခြံသို့ သွားရောက်လေ့လာကြသည်။
ထို့နောက် အင်းလေးဒေသ၏ ဂုဏ်ယူဖွယ်ရာ ဟဲယာရွာမငွေထည်လုပ်ငန်းမှ စိန်သမာဓိ ငွေပန်းထိမ်လုပ်ငန်းသို့ သွားရောက်လေ့လာကြရာ စိန်သမာဓိငွေပန်းထိမ်လုပ်ငန်းရှင် ဦးစံလင်း က မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့် ငွေပန်းထိမ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသ၍ လူရည်ချွန်မောင်မယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် လူရည်ချွန်မောင်မယ်များသည် ငွေပန်းထိမ်ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာအဝတ်အထည်များကို လေ့လာကြည့်ရှုကာ ဝယ်ယူအားပေးကြသည်။
ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်း(သာလေး)သို့ရောက်ရှိပြီး ခေတ္တရပ် နားကာ နေ့လည်စာသုံးဆောင်ကြပြီး လူရည်ချွန်မောင်မယ်များသည် ကမ္ဘာကျော်ရှေးဟောင်း သမိုင်းဝင်ဖောင်တော်ဦးစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။ ယင်းနောက် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတည်ရှိရာ တောင်ကြီး၊ အထက(၁) ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်ကျောင်းသားကျောင်းသူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး အမှတ်(၄) နယ်လှည့် ပြည့်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည် စစ်သမီးများက အဆို၊ အက၊ ဟာသ ပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
