နေပြည်တော် ၂၀၂၃ ဧပြီ ၂၇
ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့သည်။
အဆိုပါ လူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ်စခန်းမှ သက်ဆိုင်ရာလူရည်ချွန် အပန်းဖြေစခန်းမှူးများ၊ ကြီးကြပ်ဆရာ ဆရာမများ လိုက်ပါလျက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင် လူရည်ချွန်စခန်း အသီးသီးသို့ လေ့လာရေးခရီးစဉ် စတင်ထွက်ခွာကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်၍ စတင်ထွက်ခွာကြပြီး နံနက် ၁၀ နာရီတွင် ကလောမြို့သို့ရောက်ရှိကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် အလံငယ်များ ဝှေ့ယမ်းနှုတ်ဆက်၍လည်းကောင်း၊ ဘင်ခရာ၊ ပန်းဖွားအကများနှင့် ရှမ်းအိုးစည် ဗုံမောင်း တီးမှုတ်၍လည်းကောင်း ကြိုဆိုကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များသည် ကလောမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး နေ့လယ်စာ သုံးဆောင်ကြသည်။
ယင်းနောက် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းသို့ ဆက်လက်ထွက်ခွာကြပြီး ပြည်ထောင်စုလမ်းမဘေးရှိ အောင်ပန်းဗျူးပွိုင့်တွင် ခေတ္တရပ်နား၍ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဆက်လက်ထွက်ခွာပြီး မွန်းလွဲ ၂ နာရီတွင် လူရည်ချွန်စခန်း ဖွင့်လှစ်ထားသည့် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ဆရာ ဆရာမ၊ ကျောင်းသားကျောင်းသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
