နေပြည်တော် ၂၀၂၃ မတ် ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၊ အလယ်စုရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)စာစစ်ဌာန၊ ရွာဟောင်းရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း စာစစ်ဌာနနှင့် စံပြရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှု အားပေး သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့သည် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖ များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးပြီး ကျောင်းသား ကျောင်းသူများ၏ သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်နှင့် ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့အားပေးကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ ဆရာမများအနေဖြင့် မိမိတို့ကျရာတာဝန် အခန်းကဏ္ဍအလိုက် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုစဉ်အတွင်း စိတ် အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြား သည်။
ယင်းနောက် စာသင်ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်း၏ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် စာသင်ဆောင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ လိုအပ်သည့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို လာမည့်ကျောင်းဖွင့်ချိန်မတိုင်မီ ဆောင်ရွက်ထားကြရန်မှာကြားပြီး အဆိုပါကျောင်းများရှိ စာသင်ဆောင်များတည်ဆောက်ပြီးစီးမှု ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရခိုင်ပြည်နယ်တွင် ခရိုင် ၇ ခု၊ မြို့နယ် ၁၇ မြို့နယ်ရှိ စာစစ်ဌာနများတွင် ဆဋ္ဌမနေ့ သိပ္ပံဘာသာတွဲ ဇီဝဗေဒဘာသာရပ်အား စာမေးပွဲဖြေဆိုရန် ၂၂၁၄ ဦး စာရင်းပေးသွင်းကြပြီး ၁၈၉၁ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၄၁ ရာခိုင်နှုန်းဖြစ်၍ ဝိဇ္ဇာဘာသာတွဲ ဘောဂဗေဒဘာသာရပ်အား စာမေးပွဲဖြေဆိုရန် ၁၆၆၇၁ ဦး စာရင်းပေးသွင်းကြပြီး ၁၄၅၆၀ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၇ ဒသမ ၃၄ ရာခိုင်နှုန်းဖြစ်သည်။
