နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၆
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (အကြိုဗိုလ်လုပွဲ) ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဆက်လက်ကျင်းပသည်။
အကြိုဗိုလ်လုပွဲ (ပထမ)ပွဲစဉ်အဖြစ် ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရန်ကုန်ဇုန်အသင်းက မကွေးဇုန်အသင်းကို ငါးဂိုး - လေးဂိုးဖြင့် လည်းကောင်း အကြို ဗိုလ်လုပွဲ (ဒုတိယ)ပွဲစဉ်အဖြစ် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက မော်လမြိုင်ဇုန်အသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။
ယခုပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သော တက္ကသိုလ်ကျောင်းသား အားကစားသမားများ ကို တက္ကသိုလ်လက်ရွေးစင်မှတစ်ဆင့် မြန်မာ့လက်ရွေးစင်အဆင့်သို့ ရွေးချယ် လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရွေးချယ်ခံရသည့် တက္ကသိုလ်အားကစားသမားများအနေဖြင့် အာဆီယံပြိုင်ပွဲများ ဖြစ်သော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲတို့တွင် ဆက်လက်ပါဝင်ယှဉ်ပြိုင် သွားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးကြသည်။
