၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဖေဖော်ဝါရီ ၂၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို သတ်မှတ်ထားသောကွင်းများ၌ ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။

ယနေ့ညနေတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ ဘောလုံးပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။

ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဒဂုံဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ပုသိမ်ဇုန်အသင်းက ဒဂုံဇုန်အသင်းကို လေးဂိုး- တစ်ဂိုးဖြင့်အနိုင်ရရှိသည်။ အလားတူ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ရန်ကုန် ဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ  တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၁)၌ မန္တလေးဇုန်အသင်းနှင့် မော်လမြိုင်ဇုန်အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ တောင်ကြီးဇုန်နှင့် မကွေးဇုန်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

အဆိုပါပွဲစဉ်များမှ အုပ်စု ပထမ၊ ဒုတိယဖြင့် အနိုင်ရရှိလာသည့်အသင်းများသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် အကြိုဗိုလ်လုပွဲကို လည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို လည်းကောင်း ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။