နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အဆိုပါကျောင်းခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့တာဝန်ကျရာဒေသတွင် သစ္စာရှိရှိ တာဝန်ကျေပွန် အောင် ထမ်းဆောင်လျက်ရှိသော ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ဒေသအတွက်၊ နိုင်ငံအတွက် အားထားရမည့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း သမီးမွန်များဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးစေလိုပါကြောင်း၊ ဆင်းရဲချမ်းသာ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အခြေခံပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးမိသားစုအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လဟယ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များက လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးဖြေကြား၍ ဆရာ ဆရာမများနှင့် ကျောင်းအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် ပညာရေး မှူးရုံးသို့သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းခွင်များ၊ တည်ဆောက်ဆဲ အဆောက်အဦအသစ် ကို ကြည့်ရှုစစ်ဆေးကာ အချိန်မီပြီးမြောက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် လမ်းညွှန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
