ရှမ်းပြည်နယ်တွင် ပညာတတ်များပေါများလာစေရေးအတွက် ကျောင်းသား ကျောင်းသူ များကို စေတနာထား၍ သင်ကြားပြုစုပျိုးထောင်ပေးကြစေလို

နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၃

 

         ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ရှမ်းပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းရှိ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန် ထမ်းဆောင်ရာ ရှမ်းပြည်နယ်တွင် ပညာတတ်များ ပေါများလာစေရေးအတွက် ကျောင်းသား ကျောင်းသူများကို စေတနာထား၍ သင်ကြားပြုစု ပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ပညာတတ်များပေါများ စေရေးအတွက် ကျောင်းသားမိဘများတွင် တာဝန်ရှိသလို ဆရာဆရာမများတွင်လည်း တာဝန်ရှိ ပါကြောင်း၊ ပညာတတ်ရုံသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ ဆရာမိဘများအပေါ် ဂါရဝတရား ထားရှိတတ်အောင် သင်ကြားပေးကြစေလိုပါကြောင်း၊ ကိုယ့်တာဝန်ကိုကျေအောင် ကြိုးစားဆောင်ရွက်ကြပြီး ပညာရေးမိသားစုအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ပညာရေးလုပ်ငန်းများကို လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။

         ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်သည် ကြီးမားကျယ်ပြန့် ပါကြောင်း၊ ပြည်နယ်အတွင်းနေထိုင်ကြသည့် လူမျိုးစု ၃၃ စု၏ မျိုးဆက်သစ်သားသမီးများ ပညာတတ် များဖြစ်အောင် ဆရာ ဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲ၍ ပြုစုပျိုးထောင် သင်ကြားပေးကြစေ လိုပါကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ပညာရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။  ဆက်လက်၍ တက်ရောက်လာသည့် ဆရာ ဆရာမများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ပြန်လည်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလောမြို့နယ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တည်ဆောက်ပြီးစီးသည့် ကျောင်း ဘောလုံးကွင်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် တည်ဆောက်လျက်ရှိသည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း တည်ဆောက်မှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆိုပါတက္ကသိုလ်ရှိ သုတေသနကျင့်ဝတ်ကော်မတီခန်းမ (ERC)တွင် မြန်မာနိုင်ငံ မြိတ်တက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ဟီရိုရှီးမားတက္ကသိုလ်နှင့်JIRCAS တို့အကြား မြိတ် ကမ်းရိုးတန်းဒေသရှိ ကမာမွေးမြူရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖွင့်ပွဲ အခမ်းအနား ကို အွန်လိုင်းစနစ် ဖြင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

          ယင်းနောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ မြိတ်တက္ကသိုလ်တွင် အသစ်ခန့်အပ်သောနည်းပြ၊ သရုပ်ပြ ၁၀၃ ဦး အတွက်ဖွင့်လှစ်သည့် အင်္ဂလိပ်စာအထူးမွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို သီးခြား ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က အွန်လိုင်းစနစ်ဖြင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။