နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၇
(၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၍ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်သည်။
တက်ရောက်ကြည့်ရှုအားပေး
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါပွဲစဉ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့် အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပွဲစလျှင်စချင်း၌ပင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၁၀) က အဖွင့်ဦးဆောင်ဂိုးကို တစ်ဦးချင်း အစွမ်းပြ၍ လှပစွာသွင်းယူရရှိခဲ့ပြီး ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ဆက်လက်ထိုးဖောက် ကစားခဲ့သော်လည်း ဂိုးရရှိခဲ့ခြင်းမရှိခဲ့ဘဲ ပထမပိုင်းပွဲကစားချိန် ပြီးဆုံးခဲ့သည်။
ယင်းနောက် ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ပွဲကစားချိန် ၅၃ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် ဧရာဝတီတိုင်းဒေသ ကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းလိုက်ပူးတွဲ တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းကို ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက လည်းကောင်း၊ အသင်းလိုက် ပူးတွဲတတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက လည်းကောင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ကောင်စီတွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးက လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒသကြီးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ယခုကျင်းပပြုလုပ်သည့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျှင် ငွေကျပ် သိန်း ၅၀ စီကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကို ဇန်နဝါရီ ၁၇ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲမှ စတင်၍ အားကစားထူးချွန်သည့် ကျောင်းသား ကျောင်းသူများကို ရွေးချယ် လေ့ကျင့်ပေးသွားပါက အခြေခံကျောင်းသားများ တက္ကသိုလ်ရောက်ချိန်တွင် အာဆီယံ တက္ကသိုလ်အားကစားပြိုင်ပွဲများကိုလည်း အရည်အသွေး ပိုမိုကောင်းမွန်စွာဖြင့် ပါဝင်ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်ပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများလည်း ပိုမိုပေါ်ထွက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
