တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံနှင့် မေးခွန်းနမူနာကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိပြီး သင်ကြားလေ့လာနိုင်ရန် မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းပြုစုရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှာကြား

နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၂၆

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် (KG+12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပဖြေဆိုကြရမည်ဖြစ်သဖြင့် ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် မေးခွန်းနမူနာ တို့ကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိပြီး သင်ကြားလေ့လာနိုင်ရန် အတွက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ကျောင်းဖွင့်ရက်မတိုင်မီ မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်း ပြုစုကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်မှူးချုပ်များနှင့် တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းက မှာကြားလိုက်သည်။

နေပြည်တော်ရှိ  ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းပုံစံညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့မှာကြားခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စည်းမျဉ်းစည်းကမ်း တိကျစွာလိုက်နာ၍  စနစ်တကျဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ အခြေခံပညာ  KG+12 နှင့် ချိတ်ဆက်မိသော တက္ကသိုလ် သင်ရိုးညွှန်းတမ်းများကို ဆက်လက် ရေးဆွဲပြုစုကြရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဆွေးနွေးတင်ပြ

ယင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သတ်မှတ်ကာလ အတွင်း ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကိုလည်းကောင်း၊ စာစစ်မှူးချုပ်များက ဘာသာရပ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဆွေးနွေးတင်ပြခဲ့ ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။