နေပြည်တော် ၂၀၂၂ မတ် ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၀နာရီခွဲတွင် ဂျပန်နိုင်ငံ အဆာဟိ ရှင်ဘွန်းသတင်းစာ အာရှဒေသ ဗျူရိုဌာနမှူး Mr.ONAGA, Tadao နှင့် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံစဉ် ကိုဗစ်-၁၉ မတိုင်မီကာလ၊ ကိုဗစ် -၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလ ပညာရေးအခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြည့်စုံစွာရှင်းလင်း ဖြေကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အတတ်ပညာတတ် မြောက်သော၊ အသိပညာပြည့်စုံသော ပညာတတ်များ ပေါများရန် ပညာရေးက အရေးကြီးကြောင်း အမြဲလမ်းညွှန်လေ့ရှိကြောင်း၊ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာချိန်တွင် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ဖွင့်လှစ်စေခဲ့ရာ ယခုအခါ အခြေခံပညာသင်နှစ် တစ်နှစ်ပြီးဆုံးပြီး တက္ကသိုလ်စာသင်နှစ် ပြီးဆုံးတော့မည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ ပုံမှန်ပညာသင်နှစ်အတိုင်း ဆက်လက်တက်ရောက်နိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ ဆရာမအသစ်များကိုလည်း မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချကာ ခန့်ထားခဲ့ကြောင်း၊ မြန်မာနှင့် ဂျပန်နိုင်ငံတို့သည် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလာခဲ့သော နိုင်ငံများဖြစ်သည့်အားလျော်စွာ လက်ရှိကာလတွင်လည်းကောင်း၊ နောင်ကာလ များတွင်လည်းကောင်း နိုင်ငံပညာရေးအတွက် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
