နေပြည်တော် ၂၀၂၂ မတ် ၁၆
၂၀၂၁-၂၀၂၂ ခုနှစ် အာဆီယံပညာရေးဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးထံမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အာဆီယံပညာရေးဝန်ကြီးများ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံ ပညာရေးဝန်ကြီးထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။ အခမ်းအနားတွင် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် H.E. Lim Jock Hoi ၊ ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးတို့က အာဆီယံနိုင်ငံများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း Online/Offline နည်းမျိုးစုံဖြင့် ပညာသင်ကြားသင်ယူ အောင်မြင် ခဲ့ကြခြင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၁ ခုနှစ်အတွင်း အာဆီယံပညာရေးဝန်ကြီးများ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့စဉ် အာဆီယံပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အကျဉ်းချုပ်တင်ပြသည်။ ယင်းနောက် ဗီယက်နမ်ပညာရေးဝန်ကြီးက အာဆီယံပညာရေး ဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူကာ ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားသည်။ ဆက်လက်၍ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကို သင်ကြားသင်ယူမှုအခွင့်အလမ်း ဆုံးရှုံးခြင်းနှင့် သင်ယူမှုအရှိန်မြှင့်တင်ရေး၊ ပညာ သင်ယူမှု အခွင့်အလမ်းမြှင့်တင်ရေး၊ ပညာရေးစနစ်ပြန်လည်မြှင့်တင်ရေး ခေါင်းစဉ် (၃)ခုဖြင့် ဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးစနစ် ပြန်လည်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
