နေပြည်တော် ၂၀၂၂ မတ် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီး တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်၊ အိပ်ဆောင်များ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမနှင့် တက္ကသိုလ်ဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် သုတေသန စင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီဝင်နှင့် ဘူမိဗေဒဌာနအလိုက် သုတေသနစင်တာတွင် ဖွဲ့စည်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားပြီးပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းဆောင်အဆောက်အအုံများ၊ စာသင်ခန်းများပြည့်စုံမှု၊ ဥပဓိရုပ် ကောင်းမွန်မှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အဆိုပါကျောင်းရှိ ကမ္ဘောဇခန်းမတွင် ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆရာဆရာမလောင်းလျာ ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးနေသည့် ပညာရေးဒီဂရီကောလိပ်များသည် နိုင်ငံအတွက် အလွန်ကြီးလေးသည့်တာဝန်ကို ထမ်းဆောင်နေကြပါကြောင်း၊ ဆရာ ဆရာမများ ကိုယ်တိုင် တကယ်တတ်နေတော်နေပါမှ ကျောင်းသားကျောင်းသူ လူငယ်များကို နိုင်ငံတော်က အားထားရသည့် စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ်မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသောသူများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်း တို့က အမှာစကားပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည် များနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြား၍ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စာသင်ဆောင်နှင့် ခန်းမလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ တောင်ကြီးတက္ကသိုလ်၏ ဘာသာရပ်ဆိုင်ရာ အထောက်အကူပြုစာအုပ်များကို ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့က လိုအပ်သည်များ ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
