ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းများတွင် မီးရရှိပြီး ရေမရရှိသည့် ကျောင်းများကို ရေစင်နှင့် မီးမရရှိသည့်ကျောင်းများ ဆိုလာများ ထောက်ပံ့ပေးသွားမည်

ရန်ကုန် ၂၀၂၂ မတ် ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ခရိုင်/မြို့နယ်ပညာ ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသည့် မြို့နယ်တိုင်း ရှိ ကျောင်းများ၏ အချက်အလက်များကို တစ်လချင်းစီအလိုက် ပြုစုထားရှိရန် လိုအပ်သည့် အတွက် ခရိုင်၊ မြို့နယ်များအတွင်းရှိ ကျောင်းများ လစဉ်စာရင်းဇယားများပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းသို့ လစဉ် စဉ်ဆက်မပြတ်ပြုလုပ်နေပြီး အဆင့်ဆင့် တင်ပြမှသာ စာရင်းဇယားအမှန်ကို ရရှိမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရုံးချုပ်မှတောင်းခံသည့် အခါတွင် အလွယ်တကူပေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ‌‌တော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ပညာရေးသည် အဓိကအရေးကြီးပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့သည် နိုင်ငံ့အရေးကို ဆောင်ရွက်ကြသူများအဖြစ် နားလည်ထားကြစေလိုကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် သင်ကြားရေးကိစ္စရပ်များကို တာဝန်ကျေပွန်စွာ ထမ်း ဆောင်ရမည်ဖြစ်ပြီး မိမိတို့ဒေသ၊ မိမိတို့ကျောင်းများ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေး ပိုမိုအားစိုက်ရမည်ဖြစ်ပါကြောင်း၊  ပညာရေး ဝန်ထမ်းများအနေဖြင့် လူတိုင်းတွင် မတူညီသည့် အရည်အချင်းများရှိသည့်အတွက် လုပ်ဖော် ကိုင်ဖက်အချင်းချင်း ဆက်ဆံရာတွင်လည်းကောင်း၊ ကျောင်းသား ကျောင်းသူများကို စာသင် ကြားရာတွင်လည်းကောင်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ မေတ္တာရှေ့ထား၍ ဆောင်ရွက်ကြစေလို ပါကြောင်း၊ ကျောင်းများ၏ဥပဓိရုပ်ကောင်းမွန်စေရေးနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး များကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး ကျောင်းများတွင် မှတ်တမ်းစာအုပ်များထားရှိရမည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းများတွင် မီးရရှိပြီး ရေမရရှိသည့်ကျောင်းများကို ရေစင်နှင့် မီးမရရှိသည့်ကျောင်းများ ဆိုလာများ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း  ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ဆရာဆရာမများသည် နိုင်ငံတော်အတွက် အားထားရသော နိုင်ငံ့သားကောင်းများ၊ လူတော်လူကောင်းများ မွေးထုတ်သည့်အလုပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာဆရာမများအ‌နေဖြင့် ခေတ်နှင့်လိုက် လျောညီထွေစွာ အမြဲသင်ယူလေ့လာနေရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ‌ဦးကျော်စွာသွင်က အခြေခံပညာ ကဏ္ဍလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ် ပညာရေးမှူးများက လိုအပ်ချက်များ  တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်‌တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း(တက္ကသိုလ်)သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ ပညာသင် ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ မွန်းလွဲပိုင်းတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်နှင့် အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်း(ပုသိမ်)၌ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံကာ သင်ကြား၊ သင်ယူရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်ရေး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။