သင်ကြားသင်ယူမှုနှင့် စီမံရေးရာအရည်အသွေးများ ပိုမိုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို

ကျိုင်းတုံ ၂၀၂၂ ဖေဖော်ဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျိုင်းတုံ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘွဲ့ရပညာတတ်လူငယ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ရေးအတွက် စိတ်စေတနာအပြည့်ဖြင့် မေတ္တာထား ကြိုးစားဆောင်ရွက်ကြစေ လိုပါကြောင်း၊ ကျိုင်းတုံတက္ကသိုလ်တွင် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်သုတေသနစင်တာ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တက္ကသိုလ်သုတေသနလုပ်ငန်းဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည့် စာအုပ်စာတမ်းများနှင့် Internet ၊ Wifi ဆက်သွယ်ရေး စနစ်များ ကောင်းမွန်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်များ အတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ခန်းသုံးပစ္စည်များ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသာယာသည့် သင်ယူမှုဝန်းကျင်ကောင်းဖြစ်ရေးအတွက် အမြဲဂရုစိုက်ဆောင်ရွက်ကြရမည်ဖြစ် သကဲ့သို့ တက္ကသိုလ်၏ သင်ကြားသင်ယူမှုနှင့် စီမံရေးရာအရည်အသွေးများ ပိုမိုကောင်းမွန်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းစန်းမာက ကျိုင်းတုံတက္ကသိုလ်၏ ဖွဲ့စည်းပုံအချက်အလက်များ၊ လက်ရှိဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  မိုင်းပျဉ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး မိုင်းပျဉ်းမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် အခြေခံပညာ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မိမိတို့ကျောင်း၏ သင်ကြားသင်ယူရေးနှင့်စီမံခန့်ခွဲရေးများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ မည်သည့်ခွဲခြားဆက်ဆံမှုများမှ မရှိစေဘဲ ကျောင်းသားများအား အမှန်တကယ် နားလည်တတ်ကျွမ်းသူများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးစေလိုကြောင်း၊  တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် လိုအပ်ချက်များ၊ ကျောင်းစာကြည့်တိုက်အတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်းများ၊ ကျောင်းဆောင်သစ်များ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူများအတွက် အားကစားပစ္စည်းများ၊ ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်း၊ ကျောင်းသုံး ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများစသည်ဖြင့် လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ပြည်ထောင်စုဝန်ကြီးသည် နမ့်စန်မြို့နယ်ရှိ ခိုလမ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ နမ့်စန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။