ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်အထိ(၁၅)နှစ်တာကာလသတ်မှတ်ပြီး ကာလတို ငါးနှစ်စီမံချက် သုံးခုဖြင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၀၂၂ ဇန်နဝါရီ ၂၅

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက်မွေး ဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ပညာရေးနှင့်သက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက  မြန်မာနိုင်ငံတွင် ကလေးအလုပ် သမားပပျောက်ရေးအစီအစဉ်ကို ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လေးနှစ်တာ စီမံကိန်း ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ဆက်လက်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲခဲ့ရာ စီမံချက်ကာလကို ၂၀၁၉ ခုနှစ်မှစတင်၍ ၂၀၃၃ ခုနှစ်အထိ (၁၅)နှစ်တာကာလ သတ်မှတ်ပြီး ကာလတိုငါးနှစ်စီမံချက် သုံးခုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ စီမံချက်နယ်မြေအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးတည်အုပ်စုနှစ်ခုဖြစ်သည့် အသက်(၁၄)နှစ်အောက် ကလေး အလုပ်သမားများနှင့် အသက်(၁၄) မှ(၁၈)နှစ်အကြား ကလေးအလုပ်သမား များ အတွက် ရည်ရွယ်ဖော်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များ အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် လုပ်ငန်းဆောင်ရွက်မှုကို  အကြံပြု ဆွေးနွေးသွားစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီဆောင်ရွက်ရမည့် အညွှန်းကိန်းများ နှင့် ကိုက်ညီမှုရှိစေရန်အတွက်  မိတ်ဖက်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်နေမှုများကို လုပ်ငန်းကော်မတီ ဥက္ကဋ္ဌရုံးနှင့် အတွင်းရေးမှူးရုံးများသို့ လစဉ်ပေးပို့ခြင်း၊ ဆက်သွယ်မှုမပြတ်တောက် စေခြင်းတို့အတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေး စေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့်  မိမိတို့နိုင်ငံအတွင်း ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ပညာ‌ရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန် များကို ထိ‌ရောက်စွာဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပညာရေးနှင့်သက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ အတွင်း ရေးမှူး၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ၂၀၁၉ မှ ၂၀၂၃ ခုနှစ်ထိ ပထမငါးနှစ်စီမံချက် ဦးစားပေး နယ်မြေ ဖြစ်သည့်  ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ မှအဖွဲ့ဝင်များက  လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် မိတ်ဖက်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက ကလေးအလုပ်သမား ပပျောက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြမှုများနှင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ၏ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှု ရှိစေ ရေး နှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။