နေပြည်တော် ၂၀၂၂ ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ ဒုတိယပိုင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက္ကသိုလ် ပါမောက္ခချုပ်များ အနေဖြင့် အစည်းအဝေးတွင် မိမိတို့တက္ကသိုလ်အလိုက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုကောင်းမွန်ရေးနှင့် အဆင့်မြင့်ပညာရေး အရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ အနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ပေး နေချိန်တွင် မိမိတို့တက္ကသိုလ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားထုတ်ကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း၊ အမှန်တကယ် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းပေး နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြစေလိုပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် တစ်ခုလျှင် Ph.D သင်တန်းဖွင့်လှစ်နိုင်သောတက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေး ကိုလည်း ထည့်သွင်းဆွေးနွေး ကြစေလိုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်အလိုက် စာကြည့်တိုက်များကို အဆင့်မြှင့်တင်ပြီး ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်သကဲ့သို့ သင်ကြားရေးအထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပရဝုဏ်များအတွင်း အင်တာနက်၊ ဝိုင်ဖိုင်စနစ်များ လွှမ်းခြုံနိုင်ရေး ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ အမှန်တကယ် လိုအပ်ချက်ရှိသော ကျောင်းဆောင်များ ပြင်ဆင်နိုင်ရေး၊ ကျောင်းဆောင်အသစ် ရရှိရေး၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ ဖြည့်ဆည်းပေးနိုင်ရေးကို ဆွေးနွေးကြစေလိုပါကြောင်း၊ လိုအပ်သည့် ရေ၊ မီးစနစ်၊ မီးသတ်စနစ်များကို ထည့်သွင်းဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ တက္ကသိုလ် အားကစားရုံ၊ အားကစားကွင်းများ တည်ဆောက်ရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တည်ဆောက်နိုင်ရေး တွက်ချက်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များကိုယ်တိုင် စာသင်ခန်းများအထိ ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများ၏ ပညာအရည်အသွေး တိုးတက်ရေး၊ အမှန်တကယ် တတ်မြောက်ရေးအတွက် ကြီးကြပ်ဆောင်ရွက် ကြစေလိုပါကြောင်း၊ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းဝယ်ယူရေး ဆောင်ရွက်ရာတွင် နားလည်တတ်ကျွမ်းသော ပါမောက္ခများ ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ အကျိုးရှိပြီး အမှန်တကယ်လိုအပ်သော၊ ထိရောက်စွာအသုံးပြုနိုင်မည့် စက်ပစ္စည်းများကိုသာ မှာယူရန်နှင့် တက္ကသိုလ်တိုင်းတွင် တူညီသော စက်ပစ္စည်းများရှိရန် လိုပါကြောင်း၊ ဆရာကြီး ဆရာမကြီးများအနေဖြင့် ယနေ့အစည်းအဝေးတွင် အဆင့်မြင့်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အဆင့်မြင့်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဆင့်မီ၊ ခေတ်မီသင်ရိုး ညွှန်းတမ်းများသို့ ဦးတည်ရေးဆွဲ သင်ကြားနိုင်ရေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရမည့်အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ ယနေ့ကျင်းပသည့် အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၇-၁-၂၀၂၂ ရက်နေ့မှ ၁၉-၁-၂၀၂၂ ရက်နေ့အထိ (၃)ရက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
