ရန်ကုန် ၂၀၂၁ ဒီဇင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး များနှင့် တွေ့ဆုံသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက္ကသိုလ်၊ သင်ကြားစီမံဌာနများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်ဌာန(၂၁)ခုရှိရာ ဌာနတစ်ခုချင်းစီ၏ စာကြည့်တိုက်များတွင် စာအုပ်များ ဖြည့်ဆည်းပေးရန် ဘတ်ဂျက်နှင့် ဘီဒို၊ စာအုပ်စင်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ခွင့်ပြုငွေကိုကျော်လွန်သုံးစွဲရန် လိုအပ်ပါက တာဝန်ရှိသူများမှ တစ်ဆင့် တင်ပြကြစေ လိုကြောင်း၊ အလားတူ တက္ကသိုလ်များဗဟိုစာကြည့်တိုက်နှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် တို့ အတွက်လည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ ဇန်နဝါရီလတွင် တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၃၀ ရက်မှ ဧပြီ လ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများကို အချိန်မီစစ်ဆေးနိုင်ရေး ပြင်ဆင်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားတက္ကသိုလ်များ နှင့် ပညာရပ်ဆိုင်ရာ၊ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU)များကို တက္ကသိုလ်များအနေဖြင့် လွတ်လပ်စွာ လက်မှတ်ရေးထိုး ခွင့်ပြုထားပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များသည် စံပြထိပ်တန်း တက္ကသိုလ်များဖြစ်အောင် ဦးတည်ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြင့် ကျောင်းသား ကျောင်းသူများအပေါ် စေတနာထားပြီး သင်ကြားပေးကြ စေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင် အပြန်အလှန် လေးစားတန်ဖိုးထား ဆက်ဆံကြ၍ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်အလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုး ပေးနိုင်ရေး သက်ဆိုင်ရာဌာနအလိုက် တင်ပြကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများက ဘာသာရပ်ဌာနတစ်ခုချင်း အလိုက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရေး ပြန်လည်ဆွေးနွေးခဲ့သည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် ကျောင်းဆောင်များ သေသပ်စွာ ဆေးသုတ်နိုင်ရေး မှာကြားခဲ့ပြီး သိပ္ပံလက်တွေ့ခန်း၊ ကျောင်းစာကြည့်တိုက်၊ ဆရာများနားနေဆောင်၊ ရေသန့်စက်၊ လက်ဆေးဘေစင် လိုအပ်ချက် များကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေး တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများက တင်ပြသည့် ရန်ကုန်ပညာရေး တက္ကသိုလ်တွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များ အသစ်ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ ဆေးသုတ်ရေးလုပ်ငန်းများ၊ လက်တွေ့ခန်းလိုအပ်ချက်၊ ဘောလုံးကွင်း နှင့်အားကစားရုံ လိုအပ်ချက်များ၊ အားကစားမှူး လိုအပ်ချက်များ၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ ဆရာမ လိုအပ်ချက်များဖြည့်ဆည်း ခန့်အပ်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
