နေပြည်တော် အောက်တိုဘာ ၆
KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များနှင့် စီးပွားရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဘာသာရပ်သင်ကြားရေးအဖွဲ့ (Board of studies) ဆော်ဩသူ ပါမောက္ခများအား KG+12 သင်ရိုးညွှန်းတမ်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများ ချိတ်ဆက်ရေးဆွဲနိုင်ရေးအတွက် အသေးစိတ်ဆွေးနွေး ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ မူရင်းသင်ရိုးညွှန်းတမ်းများကို ရေးဆွဲပေးခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများ ရှိပါကလည်း ဖိတ်ခေါ်ဆွေးနွေး တိုင်ပင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် စသည်ဖြင့် နှစ်အလိုက်သင်ရိုးညွှန်းတမ်းများ ဆက်စပ်ချိတ်ဆက် သင်ကြား နိုင်ရန်လိုအပ်ကြောင်း၊ အချို့သင်ရိုးများမှာ အနည်းငယ်သာပြုပြင်ရခြင်း၊ အဆင့်မြှင့် ဆောင်ရွက် ရခြင်းများရှိနိုင်ကြောင်း၊ ဘာသာရပ်တစ်ခုစီ၏ အရည်အသွေးတိုးတက်မှသာ ဘာသာရပ်များအားလုံး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးဝိုင်းဝန်းကာ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ နိမ့်ကျနေသည့် ပညာရေးကို ကုစားမြှင့်တင်ပေးနိုင်ရေးအတွက် အခြေခံကျကျ လမ်းကြောင်းအမှန်ကို ဝိုင်းဝန်းပူးပေါင်း၍ ရှာဖွေဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း တို့က ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
