နေပြည်တော် ၂၀၂၃ ဇွန် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ရခိုင်ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများကို စစ်တွေတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ပညာရေးအဆောက်အအုံများ ပြန်လည်ပြင်ဆင်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ထားသည့်အရည်အသွေးဖြင့် အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တွင် လက်ရှိဖွင့်လှစ်သင်ကြားနေသည့် အတန်းများအပြင် ကျန်ရှိသည့်အတန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်၊ ဆရာဆောင်၊ ကျောင်းသားဆောင်များကို ဦးစားပေးအဆင့်အလိုက် ဆက်လက်ပြုပြင်နိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ရေး တင်ပြပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှုအခွင့်အလမ်း အပြည့်အဝရရှိရေးအတွက် အားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ ရွာဂေါင်းရွာသစ် အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်တော်သာရပ်ကွက် အမှတ်(၁၅) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အလက(၅) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အနောက်စံပြ အခြေခံပညာမူလတန်းကျောင်းတို့သို့ သွားရောက်၍ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
