မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂) ကြိမ်မြောက် သုတေသနညီလာခံဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၁၉

          မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂) ကြိမ်မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်ပညာရှင်ကြီးများ၊ ဘာသာရပ်အလိုက် အကောင်းဆုံး သုတေသနစာတမ်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်ကြီးများ၊ သုတေသီများနှင့် လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဖတ်ကြားဆွေးနွေးမည်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရှင်အဖွဲ့က ၂၀၀၁ ခုနှစ်မှစတင်ပြီး နှစ်စဉ်သုတေသန စာတမ်းဖတ်ပွဲများကို ကျင်းပခဲ့ရာ (၂၂)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များ၊ ပုံမှန်သင်တန်းများ ဖွင့်လှစ်နိုင်သည့်အတွက်  ဘာသာရပ် ၃၂ မျိုးအနက် ဘာသာရပ် ၂၄ မျိုးမှ စာတမ်း စုစုပေါင်း ၂၄၃ စောင်ကို ဖတ်ကြားဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် မလျော့သော ဇွဲ၊ လုံ့လ ၊ ဝီရိယတို့ဖြင့် ဆောင်ရွက်ကြသော သုတေသီများကို အထူးပင် ကျေးဇူးတင် ရှိကြောင်း၊  ပါရဂူကျမ်းသုတေသန လုပ်ငန်းအစီရင်ခံစာ တင်သွင်းလာသည့် ၁၆ စောင်အနက် ပညာရှင်အဖွဲ့ဆု ရှစ်ဆုရရှိသည့် သုတေသီများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း၊ တက္ကသိုလ်နှင့်သက်ဆိုင်ရာဒေသ၏ အလားအလာပေါ်မူတည်၍ Center for Research and Innovation(CRI) များထူထောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ CRI များ ပေါ်ပေါက်လာ ပါက ဒေသအတွင်းမှာရှိသည့် လုပ်ငန်းရှင်များနှင့်ချိတ်ဆက်၍ ဒေသလူမှုစီးပွားဘဝဖွံ့ဖြိုးရေး အတွက် နည်းပညာ လိုအပ်ချက်ကို တက္ကသိုလ်များက ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ရှိ သုတေသီ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ Career Development ကိုတိုက်ရိုက် အကျိုးရှိစေမည်ဖြစ်ကြောင်း။

  သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်ကြောင်း၊ Research Culture တစ်ခု တက္ကသိုလ်‌မြေတွင် အခိုင်အမာပေါ်ပေါက်ရေးအတွက် သုတေသီဆရာ ဆရာမများ၊ ကျောင်းသား  ကျောင်းသူများ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ တာဝန်ရှိသူ ဆရာ ဆရာမများကလည်း Research Culture ပေါ်ထွန်းရေးကို ဝိုင်းဝန်းအားပေးရန် အလေးအနက်မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုစီတွင် ပါရဂူတန်း ဖွင့်လှစ်သည့် တက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်း ဆက်စကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ဝင်  ဆရာမကြီး ဒေါက်တာသန်းနွဲ့က ဆုရရှိသူများ၏အမည်စာရင်းနှင့် ဆုရရှိသည့်အကြောင်းရင်းကို ဖတ်ကြားသည်။

ဆက်လက်၍ ဆုရရှိသူများအား ဆုချီးမြှင့်ရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က ဝိဇ္ဇာပညာရပ်ဆုရရှိသူ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာန ကထိက ဒေါက်တာတင်တင်မာစန်း၊ ပြည်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာသက်သက်မြင့်၊ မုံရွာတက္ကသိုလ် စိတ်ပညာဌာန ကထိက ဒေါက်တာတင်တင်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာနီနီခိုင်တို့ကိုလည်းကောင်း၊  မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်က သိပ္ပံပညာရပ်ဆုရရှိသူ ဟင်္သာတတက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါက်တာမင်းဇော်လတ်၊ ရတနာပုံတက္ကသိုလ် ဓာတုဗေဒဌာနကထိက ဒေါက်တာစုဆွေစုတို့ကို လည်းကောင်း၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဆွေမြင့်က  လူမှုရေးပညာရပ် ဆုရရှိသူ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်းဌာန ကထိက ဒေါက်တာစုမွန်အောင်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန လက်ထောက်ကထိက ဒေါက်တာအိသဉ္ဇာကို တို့ကိုလည်းကောင်း ဆုများချီးမြှင့်ကြသည်။

ထို့နောက် ပညာရှင်အဖွဲ့ဆုရရှိကြသူများကိုယ်စား အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနီနီခိုင်က ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ညီလာခံကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြပြီး သုတေသနစာတမ်းဖတ်ပွဲများကို ဒီဇင်ဘာ ၂၁ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။