ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ ဧပြီ ၄

တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးနှင့် ဆက်နွယ်သော ဝန်ကြီးဌာနများပူးပေါင်း၍ ဆွေးနွေးပွဲ ခေါင်းစဉ်ခုနှစ်ခုဖြင့် ပညာရေးညီလာခံ (၂၀၂၃)ကို ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း၊ မတ် ၂၉ ရက်က ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ဆွေးနွေးပွဲတွင် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ပါမောက္ခချုပ်များညှိနှိုင်း၍ ဆွေးနွေးပွဲခေါင်းစဉ်ခုနှစ်ခုကို လျာထားခဲ့ကြောင်း၊ အနာဂတ်ပညာရေး ကောင်းမွန်ရန်စီစဉ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ် ဝန်ကြီးဌာနများ၏တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များနှင့် အခြေခံပညာ ကျောင်းများမှ ဆရာကြီး ဆရာမကြီးများအပြင် အငြိမ်းစားပညာရှင်များကိုပါ ဖိတ်ကြား၍ ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းကာ အောင်မြင်အောင် ကျင်းပဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးကို ကြီးကြပ်‌ ဆောင်ရွက်ရန်ဖြစ်ကြောင်း။

 ပုသိမ်တက္ကသိုလ်တွင် အဏုဇီဝဗေဒဘာသာရပ်ဆိုင်ရာ ပညာရပ်သင်တန်း ဖွင့်လှစ်မည် ဖြစ်ရာ လုပ်ငန်းများအောင်မြင်ရေးအတွက် ပူးပေါင်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ လာမည့်မေလတွင် Grade-9 နှင့် Grade-12 စနစ်သစ် သင်ရိုးသစ်ဘာသာရပ် ဗဟိုအဆင့် နည်းပြသင်တန်းကိုကျင်းပမည်ဖြစ်ရာ သင်ရိုးသစ်ပါဝင်ရေးဆွဲခဲ့သော ပါမောက္ခကြီး များ ပို့ချမည်ဖြစ်ပြီး တက္ကသိုလ်များမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ တက်ရောက်ကြ ရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးပါက သက်ဆိုင်ရာ တက္ကသိုလ်အလိုက် သတ်မှတ်ဧရိယာများရှိ အခြေခံပညာကျောင်းများမှ အထက်တန်းပြဆရာ ဆရာမများကို ၁၀ ရက်ကြာ ဆင့်ပွားသင်တန်း များ ပြန်လည်ပို့ချ သင်ကြားပေးကြရမည်ဖြစ်ကြောင်း၊ ထို့အတူ မိမိတို့ဌာနအလိုက် လုပ်ငန်းများ အလိုက် Data အချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်ကြ စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကြီးငယ်မဟူ အချင်းချင်း အပြန်အလှန်လေးစားမှုဖြင့် နွေးနွေးထွေးထွေး ဆက်ဆံ၍ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး‌ဒေါက်တာဇော်မြင့်က ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပညာရေးညီလာခံဆွေးနွေးပွဲခေါင်းစဉ် မူကြမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ကျောင်းအားလုံးတွင် ကျောင်းဥပဓိရုပ်များ ကောင်းမွန် အောင် အလေးထားဆောင်ရွက်ရေးနှင့် ကျောင်းများတွင် စာပေပညာသာမက ကာယပညာ လုပ်ငန်းစဉ်များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းက စာမေးပွဲမှန်သမျှ အလွန်အရေးကြီး သည့် လျှို့ဝှက်ကိစ္စဖြစ်သဖြင့် ဆရာ ဆရာမများအနေဖြင့် စာမေးပွဲလုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။