နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၁
Paukphaw ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပေါက်ဖော် ပညာသင်ဆုချီးမြှင့်ပေးသော တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (China Foundation for Rural Development-CFRD)ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသား တစ်ဦးလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် Naypyitaw State Academyမှ ကျောင်းသားကျောင်းသူ ၁၁၂ ဦးကို ပညာသင်ဆုပေးအပ်ခြင်းသည် ကျောင်းသား ကျောင်းသူများအတွက် စိတ်ခွန်အားဖြစ်စေကြောင်း၊ CFRD အနေဖြင့် ၂၀၁၆ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား ၁၃၄၈ဦးကို ပညာသင်ဆုချီးမြှင့်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် Naypyitaw State Academy တို့မှ ကျောင်းသား ကျောင်းသူဦးရေ ၈၀၀ တို့ကို ပညာသင်ဆု ချီးမြှင့်ပေးအပ်ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးမြင့်မားရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်က အားထားရသော ပညာတတ်လူသားအရင်းအမြစ်များ ဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ Country Director Ms. Lin Yuan က ဝမ်းမြောက်စကားပြောကြားပြီး ပေါက်ဖော် ပညာသင်ဆုများကို ဒုတိယဝန်ကြီး၊ CFRD မှ County Director နှင့် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်တို့က ပေးအပ်ကြရာ ဘာသာရပ် ၁၂ ခုမှ ကိုယ်စားပြု ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။
ယင်းနောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်က CFRD မှ Program Manager Ms. Yan Tian Jia ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ပညာသင်ဆုရရှိကြသည့် Naypyitaw State Academy မှ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယနေ့ နံနက် ၁၀ နာရီက မြိတ်တက္ကသိုလ်၏ ပထမဆုံး စတင်ဖွင့်လှစ်သော မြန်မာစာ၊ ပထဝီဝင်နှင့် အဏ္ဏဝါသိပ္ပံပညာရပ် ပါရဂူဘွဲ့သင်တန်း၊ လူငယ်နှင့် လောကနီတိသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အွန်လိုင်းမှတက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
