နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။
KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက နိုင်ငံတိုင်းအတွက် အခြေခံပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးကြောင်း၊ အခြေခံပညာကောင်းမှ နိုင်ငံအုတ်မြစ် ကောင်းမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာကို KG+ 9 အထိ မဖြစ်မနေသင်ကြားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ ဆရာဆရာမများ၏ တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများကြောင့် ယခုပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ၌ ကျောင်းသား ကျောင်းသူ ၇ ဒသမ ၂၃ သန်းကျော် အေးချမ်းစွာတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း၊ လိုအပ်ချက် အခက်အခဲများရှိသည့်တိုင် ပညာသင်ကြားရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် သစ္စာရှိရှိ ကြိုးစားဆောင်ရွက် ပေးခဲ့ကြသည့် အခြေခံ ဆရာ ဆရာမများအားလုံးကို အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
ယခုအစည်းအဝေးတွင်လည်း အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်ချက်များကို အဓိကထားဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့လက်အောက် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် နွေးနွေးထွေးထွေး ဆက်ဆံ၍ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အတွေ့အကြုံများသော်လည်း မေ့လျော့မှုမရှိစေဘဲ သတိထား ဆောင်ရွက်ကြစေလိုကြောင်း၊ စာရင်းဇယားများ ပြုစုဆောင်ရွက်၍ ပေးပို့ရာတွင် တိကျမှန်ကန် စေရေးအတွက် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ဝိုင်းဝန်းလက်တွဲ ကြိုးစားကြစေလိုကြောင်း ပြောကြား သည်။
ဆွေးနွေးပြောကြား
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်းက တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးများကို အခြေခံပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးပြောကြားသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆွေးနွေး ပြောကြားပြီး အစည်းအဝေးကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီမံရေးရာဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးရာဆိုင်ရာလုပ်ငန်းများ၊ ပညာရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
