နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏ ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးလေ့လာ သုံးသပ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၅၂) ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပညာရေး အစီအစဉ်တစ်ခု ထိရောက်အောင်မြင်မှုတွင်သင်ရိုးညွှန်းတမ်းသည်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာနကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်၏သင်ရိုးညွှန်းတမ်းများကို အခြေခံပညာမူလတန်းပညာရေးသင်ရိုးသစ် (KG+Grade-5) သင်ရိုးများ နှင့်ကိုက်ညီမှုရှိစေရန် လိုအပ်ကြောင်း၊ ၂၀၂၃ -၂၀၂၄ပညာသင်နှစ်မှစတင်၍ စနစ်သစ်မူလတန်းအဆင့်တန်းညှိအစီအစဉ်များ ဆောင်ရွက်နိုင်ရေးအတွက်စနစ်သစ်အခြေခံမူလတန်း ပညာရေးသင်ရိုးများနှင့်အညီ ကျောင်းပြင်ပမူလတန်းပညာရေးသင်ရိုးညွှန်းတမ်းများကိုလည်း ပြုပြင်ပြောင်းလဲရန်လိုအပ်လာကြောင်း၊ ထိုလိုအပ်ချက်များကြောင့် သင်ရိုးကျွမ်းကျင်ပညာရှင်များနှင့် နည်းပညာကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားပြီးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ကျင်းပ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးညွှန်းတမ်းကိုအခြေခံမူလတန်း ပညာရေးသင်ရိုးသစ်များနှင့်ကိုက်ညီမှုရှိစေရေး၊စနစ်သစ်မူလတန်းအဆင့်တန်းညှိအစီအစဉ်များဆောင်ရွက်နိုင်မည့် သင်ရိုးကောင်းပေါ်ထွက်လာရေးတို့အတွက်တက်တက်ကြွကြွထဲထဲဝင်ဝင်ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပသည်။
တက်ရောက်
ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊အခြေခံပညာဦးစီးဌာနမှဆရာကြီး၊ ဆရာမကြီးများ၊မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာနမှဆရာကြီး၊ဆရာမကြီးများ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှဆရာ၊ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
