နေပြည်တော် ၂၀၂၂ ဇွန် ၁၆
အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများ အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းလေးမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ၂၀၁၈ ခုနှစ်က အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်း၊ အဆိုပါ နိုင်ငံ ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံက အားကစားနည်း ၁၇ မျိုးတွင် ရွှေ ၂၄ခု၊ ငွေ ၂၆ ခု၊ ကြေး ၂၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်(၄) ရရှိခဲ့ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝူရှူး၊ မြားပစ် စသည့် အားကစားနည်းလေးမျိုး ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် စခန်းသွင်း လေ့ကျင့်နေကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိမ်းဇံက အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် (၂)နှစ်လျှင် တစ်ကြိမ်ကျင်းပကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများသည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်ကြောင်း၊ ယခုနှစ်တွင် အားကစားနည်းလေးမျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ထိုက်တန်သည့် အောင်မြင်မှုရရှိရေးအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အခြေအနေများနှင့် ပံ့ပိုးကူညီပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အားကစားနည်းအလိုက် ပါမောက္ခချုပ်များ ဦးဆောင်လိုက်ပါဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြိုင်ပွဲဝင်မည့် အားကစားသမားများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆုကြေးငွေ၊ ဆုတံဆိပ်များ ချီးမြှင့်နိုင်ရေးနှင့် အားကစားသမားများ အောင်နိုင်ရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၈ ရက်အထိ ထိုင်းနိုင်ငံ အူဘွန်ရချာဌာနီမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။