အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၂ စက်တင်ဘာ ၈

        အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ  အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

         အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာညွန့်ဖေ၊ဦးမင်းသိန်းဇံနှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း နှင့်ဦးမျိုးလှိုင်၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကျောင်းသူ၊ကျောင်းသား အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် ဇူလိုင်၂၆ ရက်မှ ဩဂုတ် ၆ ရက်အထိ ထိုင်းနိုင်ငံ၊ အူဘွန်းရချဌာနီမြို့တွင် ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ် များအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ် အားကစားအဖွဲ့ဝင်များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း။

အောင်ပွဲဆင်နိုင်

          အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်ကြောင်း၊ အလားတူ အားကစားဆိုသည်မှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ကာ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့်စိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုး၏ ခိုင်မာသည့်စိတ်ဓာတ်များကို ဖော်ပြရာလည်း ရောက်သည့်အတွက် ကမ္ဘာ့နိုင်ငံများတွင် အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတွင် အားကစားကဏ္ဍသည်လည်း  အထူးအရေးပါကြောင်း၊ ယခုကဲ့သို့ မိမိတို့၏ စွမ်းရည်ဉာဏ်ပညာကို အသုံးပြုယှဉ်ပြိုင် အောင်ပွဲဆင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း။

          ထို့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်းများတွင် အားကစားသမား အချင်းချင်းအပြန်အလှန်လေးစားမှု၊ ချစ်ခင်ညီညွတ်မှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး တရားသဖြင့် အောင်နိုင်ရေးကိုဦးတည်သည့် အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်ကို သိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း။

အမျိုးသားရေးတာဝန်

          အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်ရန် ပြိုင်ပွဲတိုင်း အနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာတက္ကသိုလ်ကျောင်းသားကျောင်းသူ အားကစားအဖွဲ့ဝင် မောင်မယ်အားလုံး ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့  အောင်မြင်မှုများ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း။

          မိမိတို့နိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက်ရာတွင် အားကစားကဏ္ဍကို တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က စနစ်တကျအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

အစွမ်းကုန်ကြိုးပမ်း

          တစ်နည်းအားဖြင့် မိမိနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစား အဆင့်အတန်းကို မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိတို့၏ အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်နေကြ သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။

          မည်သည့်အားကစားမဆို ချက်ချင်းမွေးယူ၊ ချက်ချင်းကြီးထွားတိုးတက်အောင် ဆောင်ရွက်၍ရသော အရာမဟုတ်ကြောင်း၊ ထို့ကြောင့် ကာယစွမ်းအားသာမက စိတ်ဓာတ် စွမ်းအားနှင့် ဉာဏစွမ်းအားများ မြင့်မားစေခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ ပိုမိုတိုးတက်လာစေရန် အားကစားကိုအားပေးမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

          အားကစားကောင်းမှ ပညာကောင်းမည်ဖြစ်ပြီး ပညာကောင်းမှ နိုင်ငံတိုးတက်မည် ဖြစ်သည့်အတွက် ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အားကစားကဏ္ဍကို ပညာရေးနှင့်ပေါင်းစပ်မြှင့်တင်ပေးရမည်ဖြစ်ကြောင်း။

          ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အားကစား ကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့် အားကစားပေါင်းစပ် သင်ယူနိုင်သည့် အခွင့်အလမ်းများ တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိကြောင်း။

          တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာဆရာမများအတွက် သင်တန်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သကဲ့သို့ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင်လည်း B.Sc (Sports)ဘွဲ့ သင်တန်းကိုလည်း ပူးပေါင်းသင်ကြားပို့ချ လျက်ရှိကြောင်း။

          အလားတူ တက္ကသိုလ်ကောလိပ်များနှင့် စာသင်ကျောင်းများတွင်လည်း အားကစား နည်းပြများ၊ ကာယဆရာများ ခန့်အပ်ပေးထားကာ ပညာရေးကို အားကစားကဏ္ဍနှင့် ပေါင်းစပ်မြှင့်တင်ရင်း မျိုးဆက်သစ် ပညာတတ်လူငယ်လူရွယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။

ဉာဏ်ရည်ဖွံ့ဖြိုးစေရေး

           ထို့ပြင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် ကျောင်းတွင်းအာဟာရကျွေးမွေးရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်းကို ပိုမိုအားထုတ်တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးနှင့် စိတ်ဓာတ်ကောင်းမွန်သော မျိုးဆက်သစ်လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။ 

         တက္ကသိုလ်အားကစားပြိုင်ပွဲများကို လေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် နှစ်နှစ် တစ်ကြိမ် အလှည့်ကျကျင်းပသည့် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖြစ်သော ၂၀၁၀ ပြည့်နှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲမှစတင်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဂေါက်ဖ်နှင့် ပြေးခုန်ပစ်အားကစားနည်းများတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူ အားကစားသမား ၄၇ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် တင်းနစ်အားကစားနည်းများတွင် ကြေးတံဆိပ်တစ်ခုစီ ဆွတ်ခူးရရှိခဲ့ကြောင်း။

        ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် ၂၀၁၂ ခုနှစ် လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားသမား၆၂ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပိုက်ကျော်ခြင်း အားကစားနည်းတွင် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု  ဆွတ်ခူးရရှိခဲ့ကြောင်း။

ဆွတ်ခူးရရှိ

          တတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် ၂၀၁၄ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားသမား ၈၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဝူရှူးနှင့် ကရာတေးဒိုတွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် ငါးခု၊ ပိုက်ကျော်ခြင်းတွင် ကြေးတံဆိပ်နှစ်ခုနှင့် ပြေးခုန်ပစ်အားကစား နည်းတွင် ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း။

          စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် ၂၀၁၆ ခုနှစ်၊ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားသမား ၃၇ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပိုက်ကျော်ခြင်း အားကစားနည်းတွင် ငွေတံဆိပ် တစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း။

          ၂၀၁၈ခုနှစ်တွင် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံ၌  အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး အားကစားနည်း၁၇မျိုး ထည့်သွင်းကျင်းပခဲ့ကြောင်း၊ ကျင်းပခဲ့သည့် အားကစားနည်းတိုင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ အားကစားသမား ၃၅၃ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ် ၂၉ ခု တို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၄)တွင် ရပ်တည်နိုင်ခဲ့ကြောင်း။

          ယခု ၂၀၂၂ ခုနှစ် ထိုင်းနိုင်ငံ၌ကျင်းပသည့် အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲတွင် အားကစားနည်း ၂၃ မျိုး ပါဝင်သော်လည်း မြန်မာနိုင်ငံ တက္ကသိုလ်များအားကစားအဖွဲ့မှ ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်မှု လွန်မြောက်ကာလဖြစ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝူရှူးနှင့် မြားပစ်အားကစား နည်းလေးမျိုးတွင်သာ တက္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားသမား ၃၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ တက္ကသိုလ် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစား စွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်း ကောင်းမွန်မှုစသည့်အချက်များ ပြည်ဝခိုင်မာစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် စုစုပေါင်း ရွှေတံဆိပ် ဆု နှစ်ခု၊ ငွေတံဆိပ် ဆု နှစ်ခုနှင့် ကြေးတံဆိပ်ဆု နှစ်ခု ဆွတ်ခူးရရှိခဲ့ကြကြောင်း။

ထောက်ပံ့ချီးမြှင့်

          ထိုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အားကစားသမားတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှင့် အမေရိကန်ဒေါ်လာ ၂၀၀နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၀နှုန်းစီတို့အား နိုင်ငံတော်ဝန်ကြီးချုပ်မှ ထောက်ပံ့ချီးမြှင့်ခဲ့ကြောင်း။

          ယခု ဂုဏ်ပြုချီးမြှင့်ပွဲတွင်လည်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် ၇၅သိန်း၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်၂၅သိန်းစီ ချီးမြှင့်ပေးမည့်အပြင်၊ အဖွဲ့လိုက်ပြိုင်ပွဲဖြစ်သည့် ဘောလုံးအား ကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် ပြိုင်ပွဲဝင် အားကစားသမားများကို တစ်ဦးလျှင် ငွေကျပ် ၁၀သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အားကစားနည်းအလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် နည်းပြနှင့် အုပ်ချုပ်သူများကို ရွှေတံဆိပ်အတွက် တစ်ဦးလျှင် ငွေကျပ်သိန်း၂၀စီ၊ ငွေတံဆိပ်အတွက် ငွေကျပ်၁၅ သိန်းစီ၊ ကြေးတံဆိပ်အတွက် ငွေကျပ်၁၀သိန်း စီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည့်အတွက် စုစုပေါင်းငွေကျပ် ၅၅၅သိန်းကို ယနေ့အခမ်းနားတွင် လက်ရောက်ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း။

ကြိုတင်လေ့ကျင့်ပြင်ဆင်

        တက္ကသိုလ်အားကစားသမားများသည် သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကိုသာမက နည်းပြဆရာများ၏ လမ်းညွှန်မှုများကို လိုက်နာခဲ့ကြပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ရွှေ၊ ငွေနှင့် ကြေးဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ကြောင်းနှင့် နောင်လာမည့် ပြိုင်ပွဲများတွင် အောင်မြင်မှုများရယူနိုင်ရန် ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။

ပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ  ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ နှစ်ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက  ဝူရှူးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသူနှစ်ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင် ဒေါ်အေးနုစိန်က ဝူရှူးအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူတစ်ဦးနှင့် ကြေးတံဆိပ်ရရှိသည့် မြန်မာနိုင်ငံတက္ကသိုလ် အမျိုးသားဘောလုံးအသင်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဝူရှူးအားကစားအဖွဲ့ အုပ်ချုပ်သူနှင့် နည်းပြကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဘောလုံးအားကစားအဖွဲ့ အုပ်ချုပ်သူနှင့်နည်းပြများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား ဝူရှူးအား ကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် မအေးသစ္စာမြင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။