နေပြည်တော် ၂၀၂၂ ဧပြီ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင် ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ကချင်ပြည်နယ် ပညာရေးမှူးဦးကြည်စိန်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိကာ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ထားမှုနှင့် ကျောင်းဆောင်အဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းခန်းမတွင် ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပညာ ရေးဒီဂရီကောလိပ် ဆရာဆရာမများအနေဖြင့် ဆရာဆရာမလောင်းလျာ ကျောင်းသားကျောင်းသူများကို သင်ကြားပေးရာတွင် စာတတ်အောင်၊ ပညာတတ် အောင် သင်ကြားပေးရုံသာမကဘဲ စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား တတ်အောင်၊ မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်အောင် သင်ကြားပေးစေလိုပါကြောင်း၊ သို့မှသာ ပညာရေးဒီဂရီကောလိပ်များက သင်ကြား ပေးလိုက်သည့် ဆရာဆရာမများက ကျောင်းသားကျောင်းသူ လူငယ်များကို နိုင်ငံတော်ကအားထားရသည့် စည်းကမ်းရှိသော၊ ယဉ်ကျေးလိမ်မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ပြည့်ဝသောသူများဖြစ်အောင် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ တပည့်များကို မိမိတို့ထက် တော်သော ထူးချွန်သောသူများ ဖြစ်စေရန် မိမိတို့တတ်ကျွမ်းသည့် အသိပညာ အတတ်ပညာများကို ဆရာစားမချန်ဘဲ သင်ကြားပို့ချပေးစေလိုပါကြောင်း၊ စာသင်ကောင်းသည့် ဆရာဆရာမများဖြစ်ရန် စာပေဗဟုတများကိုလည်း အမြဲမပြတ်လေ့လာရန်လိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းအတွင်း သန့်ရှင်းသပ်ရပ်ကောင်းမွန်သော ကျောင်းဥပဓိရုပ်နှင့်ပြည့်စုံရန် ဆောင်ရွက်ထားကြ စေလိုပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုး တိုးတက်ရေးကို မိမိတို့အားလုံး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးလုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ပညာရေး မိသားစု အချင်းချင်း ကိုယ်ချင်းစာတရားထားရှိဆက်ဆံကာ အောင်မြင်အောင်လက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့ပညာရေးဒီဂရီကောလိပ်၏ သင်ကြားရေးရာ၊ စီမံရေးရာကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ကြ စေလိုပါကြောင်း၊ လာမည့် မေလ(၁၂)ရက်တွင် ပညာရေးဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာဆရာမများအားလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းလက်တွဲ ပြင်ဆင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များနှင့်လိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁၁)အခြေခံပညာမူလတန်း ကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။