နေပြည်တော် နိုဝင်ဘာ ၁၁
တောင်ငူတက္ကသိုလ်နှင့်တောင်ငူပညာရေးဒီဂရီကောလိပ်တို့၌ အသစ်ခန့်အပ် သောတက္ကသိုလ်နည်းပြ၊ သရုပ်ပြဆရာဆရာမသစ်လွင်များ၊ အခြေခံပညာ ဆရာ ဆရာမ သစ်လွင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မြတ်ပညာ ခန်းမတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ တက်ရောက်၍အဖွင့် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် တက္ကသိုလ်များ ၊ ပညာရေးဒီဂရီ ကောလိပ်များတွင် မွမ်းမံသင်တန်းတက်ရောက်နေကြသည့် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြများဆရာဆရာမသစ်လွင်များနှင့် အခြေခံပညာဆရာဆရာမ သစ်လွင်များအား ပညာရေးဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊
နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ဆရာဆရာမသစ်လွင်များခန့်ထား နိုင်ခြင်းအတွက်များစွာဝမ်းမြောက်ရကြောင်း ပြောကြားခဲ့ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် နိုင်ငံဝန်ထမ်းဖြစ်လာသည့်အလျောက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာ ကြရမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေများ၊ စီမံရေးရာကိစ္စရပ်များကို ယခုသင်တန်းတွင်လေ့လာခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်းကြရမည်ဖြစ်ပြီး မည်သည့်အစိုးရ တက်တက် နိုင်ငံအရေးဖြစ်သော ပညာရေးတိုးတက်အောင် ဆောင်ရွက်ရမည်မှာ ပညာရေးဝန်ထမ်း ဆရာဆရာမများပင်ဖြစ်ပါကြောင်း၊ ဆရာဆရာမများသည် နိုင်ငံတော်အပေါ်သစ္စာရှိကြရမည်ဖြစ်ပါကြောင်း၊
ဆရာဆရာမဆိုသည်မှာ မိမိကိုယ်ကို ထာဝရကျောင်းသားကြီးအဖြစ် သတ်မှတ်၍ အမြဲတမ်း လေ့လာ သင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကိုယ်တိုင် သေသေချာချာ တတ်ကျွမ်းမှ ကျောင်းသားကျောင်းသူများကို စာတတ်အောင် သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင်ပညာတတ်များပေါများအောင် ပြုစု ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ မေးသမျှ မှန်မှန်ကန်ကန်ဖြေနိုင်အောင် မိမိတို့ကိုယ်တိုင် တကယ်သိအောင်၊ တကယ် တတ်အောင် လေ့လာ၍ စေတနာအပြည့်ထားကာ သင်ကြားပေးစေလိုပါကြောင်း၊ ဆရာ ဆရာမ များသည် တာဝန်ကျရာဒေသတွင် တွေ့ကြုံရသည့်တပည့်များကို ဆင်းရဲ ချမ်းသာ ခွဲခြားမှု မရှိဘဲ သင်ယူမှုအခွင့်အလမ်းများ တပြေးညီ ရရှိအောင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများအား ရိုးသား ကြိုးစားပြီး လောကကိုအလှဆင်နိုင်သူ၊ တိုင်းပြည်တိုးတက်အောင် ဆောင်ရွက် နိုင်သူများ ဖြစ်အောင် ပျိုးထောင်မွေးထုတ်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာဆရာမများအနေဖြင့် စာများများဖတ်ရန်တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးဦးဇော်ဝင်းက ဆရာဆရာမအလုပ်သည် အလွန် မွန်မြတ်သောအလုပ်ဖြစ်ပါကြောင်း၊ အနန္တဂိုဏ်းဝင်ဆရာများ ဖြစ်သည်နှင့်အညီ အဝတ် အစား၊ အပြောအဆို၊ အနေအထိုင်ကို ဆရာ့ ကျင့်ဝတ်နှင့်အညီ ပြုမူကြ စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသိန်းဝင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမေစန်းရီတို့က နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ထို့နောက် တောင်ငူတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်ညွန့်က တောင်ငူ တက္ကသိုလ်ဖွဲ့စည်းပုံကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြနှင့်အခြေခံပညာ ဆရာဆရာမသစ်လွင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ အခြေခံပညာအထက် တန်းကျောင်း(နတ်စင်ကုန်း) သို့သွားရောက်၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူတက္ကသိုလ်တွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ရာထူးတိုးမြှင့်ခန့်ထားခံရသော ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့်တွေ့ဆုံ၍ ဒီဇင်ဘာလတွင် တက္ကသိုလ် အတန်းများကို အဆင့်လိုက်စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုပါကြောင်း၊ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေး၊ စိမ်းလန်းစိုပြေရေးတို့ကို အလေးထားဆောင်ရွက် စေလိုပါကြောင်း၊ ပါမောက္ခ/ဌာနမှူးများအနေဖြင့် ကိုယ်ချင်းစာတရားဖြင့် စီမံအုပ်ချုပ်စေလို ပါကြောင်း၊ အားလုံးသည် ပညာရေးတိုးတက်အောင် ဆောင်ရွက်နေကြသည့် လက်တွဲဖော် ပညာရေးဝန်ထမ်းများဖြစ်၍ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက် စာအုပ်များ၊ ပရိဘောဂများ ပြည့်စုံအောင်ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အမှန်တကယ် အကျိုးရှိထိရောက်စွာ သုံးစွဲကြစေလို ပါကြောင်း၊ ကျောင်းသားကျောင်းသူများအား လက်တွေ့ကိုင်တွယ်သုံးစွဲတတ်အောင် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် တက်ရောက် လာသည့် ဆရာဆရာမများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။