ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ တက္ကသိုလ်များ ဖွင့်လှစ်ရေး ပါမောက္ခချုပ်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀

     တက္ကသိုလ်များ ဖွင့်လှစ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန်၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်(၄၉)ဦးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  တက်ရောက်ကြသည်။

    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နေ့တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ  တက္ကသိုလ်ဝန်းကျင် ကောင်းများကို ဖန်တီးပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အားလုံးကို ကျောင်းတက်သည်နှင့် တစ်ပြိုင်နက်တည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုစာရင်းများကို စနစ်တကျ မှတ်တမ်း ထားရှိနိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်စာကြည့်တိုက်များရှိ ဘာသာရပ်အလိုက် ရည်ညွန်းစာအုပ်အရေအတွက်၊ သုတ၊ ရသ စာအုပ်အရေအတွက်နှင့် ထပ်မံလိုအပ်သည့် စာအုပ်စာရင်းများ ပြုစု၍ တင်ပြစေလိုပါကြောင်း၊ ဆရာဆရာမ၊ ကျောင်းသား ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးရန် အတွက် စာအုပ်များနှင့် စာကြည့်တိုက်ဝန်ထမ်းများ ပြည့်စုံအောင် ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်အသီးသီးတွင် မြေနေရာရှိပြီး သီးခြားစာကြည့်တိုက်မရှိသေးပါက တည်ဆောက် ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအတွက် သင်ထောက်ကူ ပစ္စည်းများ ဝယ်ယူ ရာတွင် သက်ဆိုင်ရာဘာသာရပ်ပါမောက္ခများတွေ့ဆုံညှိနှိုင်းပြီး တက္ကသိုလ် တိုင်းအတွက် တပြေးညီ တူညီသည့် သင်ထောက်ကူပစ္စည်းများ သတ်မှတ်မှာကြား ကြစေလိုပါကြောင်း၊  မှာယူထားသော သင်ထောက်ကူပစ္စည်းများကို အသုံးမပြုဘဲထားခြင်းသည် ဝန်ကြီးဌာနအတွက်၊ နိုင်ငံတော်အတွက် ဆုံးရှုံးမှုဖြစ်ပါကြောင်း၊ မှာယူထားသည့် သင်ထောက်ကူပစ္စည်း၊ စက်ပစ္စည်းများကို တန်ဖိုးရှိအောင် စည်းကမ်းရှိရှိ အသုံးပြုကြ စေလိုပါကြောင်း၊ အသုံးပြုမှုမှတ်တမ်းများ ထားရှိစေလိုပါကြောင်း၊ အသုံးပြု၍ပျက်စီးပါက ပြန်လည်ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများအနေဖြင့် သင်ကြားရေးကို စာသင်ခန်းအထိ လှည့်လည်ကြည့်ရှုပြီး ကြီးကြပ်ကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရေး၊ စီမံရေးရာအခြေအနေများ တိုးတက် ကောင်းမွန်ရေးအတွက် အောက်ခြေအထိ ကွင်းဆင်းကြီးကြပ် ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် အသီးသီးတွင် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ယူသည့်ဦးရေ၊ ဘွဲ့ရရှိသည့်ဦးရေနှင့် ရာခိုင်နှုန်း စသည့်စာရင်းဇယားများကို ပညာသင်နှစ်အလိုက်၊ ဘာသာရပ် အလိုက်  ဆယ်နှစ်စာ ပြုစု ထားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပရဝုဏ် အတွင်း အင်တာနက် ဝိုင်ဖိုင်ကွန်ရက် အပြည့်အဝလွှမ်းခြုံနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် ကွန်ပျူတာများ လိုအပ်သည့်အရေအတွက် ဖြည့်ဆည်းပေး နိုင်ရေး  စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် ဒေသအကျိုးပြု အသုံးချ ဘာသာရပ်များကို တိုးချဲ့သင်ကြားကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့် စီးပွားရေးဘာသာရပ် သင်တန်းများကို စီးပွားရေးဇုန်(၂၄)ခုတွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ် နည်းပြ၊ သရုပ်ပြများ ခန့်အပ်ရာတွင် အသက်ကန့်သတ်ချက်ကို တိကျစွာစိစစ် ကြရမည်ဖြစ်ပါကြောင်း၊ နှစ်သစ်တွင် ဆရာကြီး ဆရာမကြီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေရန် ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။

   ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဖြည့်စွက်ရှင်းလင်းသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းတို့က တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

    ဆက်လက်၍ တက်ရောက်လာသူများက တက္ကသိုလ်များပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြန်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။