ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၁ အောက်တိုဘာ ၁၄

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်သည့်အခါ အဆင်သင့်ဖြစ်စေရန်  ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာ လှပရေးတို့ကို ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ဘာသာရပ်ဆိုင်ရာ အရည်အသွေး တိုးတက်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများက ကြီးကြပ်ဖွင့်လှစ်ကြရမည် ဖြစ်ပါကြောင်း၊ ရာထူးတိုးဆရာ ဆရာမများကိုလည်း ရာထူးနှင့်လျော်ညီသည့် စီမံ၊ ဘဏ္ဍာဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းစည်းမျည်း စည်းကမ်းကျင့်ဝတ်များနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများဆိုင်ရာ မွမ်းမံသင်တန်းများကို နိုဝင်ဘာလအတွင်း မဖြစ်မနေ ဖွင့်လှစ်ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ သုတေသနလုပ်ငန်းများသည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ သင်ထောက်ကူပစ္စည်း များကိုလည်း ပြည့်စုံစွာ ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ အဆိုပါပစ္စည်းများဝယ်ယူ ဖြည့်ဆည်းပေးရာတွင် ကျောင်းအားလုံးမှ ဘာသာရပ်တူ ပါမောက္ခများ ညှိနှိုင်း၍ မှာကြားကြစေလိုပါကြောင်း၊ Module အလိုက် မှာယူသည့် နိုင်ငံတော်ဘဏ္ဍာဖြင့် ဝယ်ယူထားသော ပစ္စည်းများရရှိသည့်အခါ  အကျိုးရှိ ထိရောက်အောင် အသုံးပြုကြစေလိုပါကြောင်း၊ ဌာနတိုင်းတွင် စက်ပစ္စည်းသုံးစွဲမှုမှတ်တမ်း ထားရှိကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်တိုင်း တွင် စာကြည့်တိုက်များ အဆင့်မြှင့်တင်ရန်၊ ဝန်ထမ်းအင်အားအပြည့်အဝ ခန့်ထားရန်၊ စာအုပ်စာတမ်းမျာ းပြည့်စုံအောင် များများဝယ်ယူ ဖြည့်တင်းရန်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ ကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍  တက္ကသိုလ် ကျောင်းပရဝုဏ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းစသော လုပ်ငန်းများကို ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး ကျောင်းသား လူငယ်များ၏ စံနမူနာပြ ပဲ့ကိုင်ရှင်များဖြစ်ကြသည်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းရန် ထပ်ဆင့်မှာကြား ပေးကြစေလိုပါကြောင်း၊ ပညာရေးတိုးတက်မှ နိုင်ငံတိုးတက်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် စေတနာအရင်းခံ၍ ပညာရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ကြစေ လိုပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး Master Plan ကိုဆွေးနွေးသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က တက္ကသိုလ်၊ ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာရမည့် မူဝါဒညွှန်ကြားချက်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြသည်။ ယနေ့ကျင်းပသည့် အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။