တက္ကသိုလ်သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို

နေပြည်တော် ၂၀၂၂ ဧပြီ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက  မြစ်ကြီးနား တက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ရှိ သုတေသနစင်တာသို့ သွားရောက်စစ်ဆေးကြည့်ရှု၍  မေလ(၁၂) ရက်တွင် တက္ကသိုလ်အသီးသီး၌ ဘာသာရပ်အစုံ၊ အတန်းစုံ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ်၏ သင်ကြားသင်ယူမှုများ၊ စီမံရေးရာကိစ္စရပ်များ ပိုမိုတိုးတက် ကောင်းမွန်ရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ယူမှုဝန်းကျင်ကောင်းတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြည်ရေး၊ ဥပဓိရုပ်ကောင်းမွန် ရေးတို့အတွက် ဆရာဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီ တက္ကသိုလ်များ ပြန်လည်ဖွင့်မည်ဖြစ်၍ မြစ်ကြီးနားတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသားကျောင်းသူ အိပ်ဆောင်များနှင့် အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။