တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း လုံခြုံရေးကို အထူးဂရုပြုရန်နှင့် အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

နေပြည်တော် ၂၀၂၂ မတ် ၂၂

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၀နာရီတွင် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ စာမေးပွဲကာလအတွင်း လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြစေလိုပါကြောင်း၊ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်၊ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ကြစေလိုပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာသင်ခန်းတွင် စာဖြေသူ ကျောင်းသား ကျောင်းသူများ စိတ်ကျဉ်းကျပ်မှုနှင့် စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် စာဖြေခုံများကို ရှေ့နံရံ၊ ဘေးနံရံများနှင့် ထိကပ်မှု မရှိစေရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း အရေးပေါ်လိုအပ်ချက်များ  ဖြစ်ပေါ်လာပါက ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များထံ ဆက်သွယ်၍ အမြန်ဆုံးချက်ချင်း ဖြည့်ဆည်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ စာဖြေဌာနတိုင်းတွင် ပုံမှန်နေ မကောင်းသူနှင့် ကိုဗစ်ဖြစ်သူများ တွေ့ရှိပါက ကျန်းမာရေးအတွက် အရေးပေါ်အသုံးပြုနိုင်ရန် အခန်းပိုနှစ်ခန်း ပြင်ဆင်ထားရှိရမည် ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ၏ ပြင်ဆင်ထားမှုများကို တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးကြစေလိုပါကြောင်း၊ လုံခြုံရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို သေချာစွာ စိစစ်၍ အဝင်/အထွက် ခွင့်ပြုစေလိုပါကြောင်း၊ လုံခြုံရေးဝန်ထမ်းများ အပြည့်အဝထားရှိကြရန် ဖြစ်ပါကြောင်း၊ ဧပြီ ၂၁ ရက်နေ့ နေပြည်တော်တွင် ဖွင့်လှစ်မည့်မွမ်းမံ သင်တန်းကို တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအားလုံး တက်ရောက်ကြရမည် ဖြစ်ပါကြောင်း၊ မေလ ၂ ရက်မှ ၈ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်မည့် ဆင့်ပွားမွမ်းမံ သင်တန်းများကို မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအားလုံး တက်ရောက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ကျန်းမာရေး ဂရုစိုက်ကြရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း အမှားအယွင်းမရှိဘဲ အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြ စေလိုပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ပညာရေးမှူးနှင့် တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်ရေးမှူး ဆရာဆရာမများကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံကာ စာမေးပွဲကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ဆွေးနွေးပြောကြားကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။